"ဂျစ်ပစီ ပြက်လုံး"















ရင်ခွင် တပြင်လုံး
တ၀ုန်းဝုန်းပြိုကျခဲ့ရင်တောင်
ဒီနေရာမှာ ငါရပ်နေခဲ့ဦးမယ်…

ဒီ့ထက် ပိုဝေးလည်း ဒီ့ထက်ပို မဝေးနိုင်တော့တဲ့
အတွေးတွေ နဲ့ 
ငါတို့ တွေ ရင်ဘတ်ချင်းကိုက(မှ) မနီးစပ်ကြတာ…

ငါ့ဘေးနားမှာ အရိပ်တခု ရှိနေရက်ကတောင်
ငါ့ခေါင်းပေါ်မှာ အမိုးအကာတခုတလေသော်မှ
မရှိခဲ့တဲ့ နေ့ ရက်တွေ….

ကျန်ခဲ့ပြီ….လေ….
အတိတ်ကိုတွေးမိတိုင်း
ရောက်ရာအရပ်မှာ ငါဟာ ခြေစုံရပ်မိတယ်…။

မလွမ်းတတ်တဲ့ သူတယောက်အတွက်
အနမ်း လက်မဲ့ နေ့ ရက်တွေမှာမပျော်တော့ဘူး….

အိပ်မက်မက်ဖို့ ဆိုတာအတွက်လည်း
ဘ၀ က ညတာ တိုတောင်းလွန်းတယ်…။

အာရုံမှ မရတော့လည်း…
ပတ်ဝန်းကျင် က အသံတွေလဲ
ငါက မကြားဘူး

ငါ့လိုဂျစ်ပစီမလေး တယောက်အတွက်က
ရွှေလင်ဗန်း တချပ် မလိုအပ်ပါဘူး…
နွေးထွေးတဲ့ကမ်းလက် တဖက်ပဲ လိုခဲ့တာ...။

အတိတ်ကို လှည့်ငေးမိတိုင်း
မျက်ဝန်းတွေက ညိုတယ်….
ပစ္စလက်ခတ်နေ့ ရက်တွေအတွက်
အနာဂတ်တွေက ငိုတယ်…
နံရံတဘက် ကညဉ်းတွားသံ
ခပ်သဲ့သဲ့ကြားတယ်…
နှုတ်ခမ်းတွန့် ရုံနဲ့ တော့ ငါပြုံးပြ မနေချင်တော့ပါဘူး…
နောင်တဆိုတာ တခုအတွက်နဲ့ 
ငါ့ကိုယ်ငါ ပါးပြင်ပေါ် လိမ့်ဆင်းပြရမှာရှက်သတဲ့…
ငါ့ မျက်ရည်တွေက ရယ်သွမ်းသွေးရင်း ဆိုတယ်….။ ။

ချစ်သူရဲ့ မွေးနေ့ ...




ပျော်ရွှင်ပါစေ...ချစ်သူ...
ဒီနေ့ ဟာနွေး ချစ်သူရဲ့ ၂၇ နှစ်မြောက် မွေးနေ့ ရက်မြတ်ကလေးပါ....
ဒီနေ့ ဒီရက် မှစ၍ ဘ၀တသက်တာလုံး စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာပါစေ....
ကိုယ်ချစ်ခင်သူ ကိုယ့်အပေါ်ချစ်ခင်သူ တို့ ၏ ကောင်းကျိုးလိုရာဆန္ဒကိုဖြည့်ဆည်းနိုင်သောသူဖြစ်ပါစေ...
မိဘ အပေါ်ကျေးဇူး သိတတ်သော သားလိမ္မာလေး အဖြစ်ထာဝရ ရပ်တည်နိုင်ပါစေ....
လို့  ဆုမွန်ကောင်းပြုလိုက်ပါတယ်...

ထာဝရ ရဲ့ ထာဝရ.....


"ငွေ့ ရည်ဖွဲ့ အလွမ်း"












ခံပြင်းနာကျဉ်းတတ်လာတဲ့အခါ….
အလွမ်းဟာ နင့်နင့်သီးသီး ငိုရှိုက်တယ်…
မလွမ်းကောင်းပေမယ့်…လည်း
ငါဟာ နင်ရင်းနီးဖူးခဲ့တဲ့ ပန်းပွင့်တွေအကြောင်းတောင်
စာလုံးပေါင်း ကောင်းကောင်းမတတ်ခဲ့တဲ့
ကောင်မလေးတယောက်ပါ

ငတ်မွတ်ခေါင်းပါးလာတဲ့
သည်းခံနိုင်စွမ်းတွေကို မြိုချရင်း
ပျောက်လုဆဲဆဲ လမ်းတွေ အကြောင်း
ငါဟာစာ,တစ်လုံးချင်းပေါင်းခဲ့ရတယ်...

ငါ မြတ်နိုးခဲ့ဖူးတဲ့ ခြေဖမိုးလေးတစုံထက်....
အသံထွက်မဲ့ မျက်ရည်တစက် သက်ဆင်းခဲ့တယ်...
သည်းသည်းထန်ထန် မငိုကြွေးတတ်ပေမယ့်...

ဒါဟာ...
ပေါ့ပျက်ပျက် မျက်ရည်တစက် မဟုတ်ခဲ့ရပါဘူးကွယ်....
အတိုင်းအဆ မဲ့စွာ မျှော်လင့်ခဲ့ဖူးတဲ့ချစ်ခြင်းတစ်ခု အတွက်....
ငါ့ရင်ဘတ် လက်ယက်ကျင်းလေးထဲ
အလွမ်းတွေ စိမ့်စိမ့်ပြီး စီးဆင်းတယ်...။ ။

"စက္ကူဖြူ "












ငါ ဟာ နင့်အတွက်တော့ စက္ကူဖြူ တရွက် ပါပဲ....

ဘာ မှ အနှစ် သာရ မ ရှိ တဲ့ ခံစားချက်မျိုး နဲ့ ....

ဘာမ ဆို... ရ နိုင် ရေးနိုင် မယ့် ပိုင်နိုင်မှု မျိုးနဲ့ 

နင့် အတွက် ဆက် လင်းနေ ဦးမယ့် ....ငါ..

အဖြူရောင်....တရွက်..ပဲ..ဖြစ်နေ ခဲ့တယ်....

နင်ပြန်လာတဲ့ အခါ……









ဘယ်သူမှ မရှိတော့တဲ့နေ့ ရက်တွေထဲမှာ
ငါလေ…တယောက်တည်း
နင့်ပြန်အလာ ကိုစောင့်နေမိတုန်းပဲ….သက္ကရာဇ် ဘယ်နှစ်ခုပဲ ဖြစ်ဖြစ် ကုန်သွားစမ်းပါစေကွယ်…
နင့် အပြန်လမ်းဟာ
ငါ့ရှိရာ ဘက် လှမ်းခဲ့မယ်ဆိုရင်ပဲ ငါမျှော်လင့်ရကျိုး နပ်ပါလိမ့်မယ်….

နင် ပြန်လာတဲ့ အခါ
ငါ့ကိုသီချင်းဆယ်ပုဒ် ဆိုပြပါ အဖွင့်သီချင်းနဲ့ အဆုံးသတ်သီချင်းဟာတူညီပါစေ….

နင် ပြန်လာတဲ့ အခါ
စွယ်တော်နှစ်ရွက်ခူးပေးပါ…
အရွယ်အစားညီတဲ့ အရွက်ကလေးတွေဖြစ်နေပါစေ…

ကြောက်ရွံ့ နေလျှက်က ဒီအမှောင်နက်နက်ထဲမှာ
ငါဆက်ထိုင်နေမိတုန်းပဲ…
နင် များပြန်လာခေါ်မလားဆိုတဲ့ ခပ်တိမ်တိမ် မျှော်လင့်ချက်တခုနဲ့ လေ….

အားးးးးးးးးး…….

နှလုံးလေဟပ်တတ်တယ် လို့ ဆရာဝန်ကပြောပေမယ့်
ဒီလိုအမြင့်က ပြုတ်ကျလာတဲ့ခဏလွတ်လပ်ပေါ့ပါးသွားတဲ့
ခံစားချက်မျိုးကို ငါက နှစ်သက်တယ်….
ဒါပေမယ့်…
နင်ပြန်လာတဲ့အခါ ငါ့ကို တင်းတင်းကျပ်ကျပ် ထပ်တားမြစ်ပါ….

နင်ပြန်လာတဲ့အခါ…
နင်မကြည့်လိုက်ရတဲ့ ဘောလုံးပွဲအကြောင်း
အခြေအနေ ဘယ်လိုလဲ လို့ ဖုန်းဆက်မေးပါ…
ငါ ဒီတခါ “ …. ရှုံးတယ်” လို့ ရှုံးတဲ့အသင်းကို အရင်မပြောပြဖို့ ကြိုးစားမယ်…
နင် ပြန်လာတဲ့ အခါ
နင်ငါ့ ကိုခေါင်းခေါက်ဖို့ မကြိုးစားနဲ့ ….ဒီပွဲလဲ နင့်ကြိုးကြာနီတွေ ရှုံးမှာပါပဲ….လို့ တော့ပြောချင်သေးတယ်…

ကောင်လေးရေ….
နင်က ငါ့ကို အနာဂတ်တွေအကြောင်းသင်ပေးနေရင်းက ပစ္စုပ္ပန်တွေထဲက ထွက်ပြေးတယ်….

နင်ပြန်လာတဲ့အခါ….
ခရေပန်းလေးတွေ ကောက်လာပြီး… ငါ့ကျောပိုးအိတ်အနီလေးထဲ ထည့်ပေးပါ….

နင် ပြန်ခဲ့ပါ..…..
ငါဟာ နင့်ကိုနားလည်ဖို့  အကြိမ်ကြိမ်ကြိုးစားနေခဲ့ကြောင်း….
တခါတလေ အမှတ်ရမိတဲ့ အခါ….

နင် ပြန်ခဲ့ပါ..…..
ငါဟာ နင်မဖြေချင်မယ့် မေးခွန်းမျိုးတွေကို..
ဘယ်တော့မှ မမေးတတ်တဲ့ကောင်မလေး တယောက်ဖြစ်ကြောင်း
နင်သတိရ မိတဲ့အခါ….

အဲ့ဒီ အချိန်….အဲ့ဒီ အခါ…..
……………………………………..
…………………………………………..
နင်ပြန်လာတဲ့ အခါ…………….။ ။








မလွမ်းချင်ပဲ…လွမ်းရတဲ့အခါ….
အလွမ်းဟာ….နွမ်းနယ်…..
တစ် နှစ် သုံး လေး ငါး ခြောက် ခွန်…..
စိတ်ပြေလက်ပျောက် ရွတ်မိတဲ့ နံပတ်စဉ်ဟာ…
မေ့လျော့စ မွေးနေ့ တရက်အတွက်….
ပျော်ရွင်ပါစေ…ဆုတောင်းချွေ နေခဲ့…
“ပြန်လာခဲ့ပါဟာ”…တဲ့…
နားနဲ့ ဆတ်ဆတ် ကြားရက်ကတောင်
မယုံရက်နိုင်တဲ့ စကားတခွန်း….
မဖတ်ဖြစ်ပဲ ရင်ထဲမှာခေါက်သိမ်းထားခဲ့တဲ့
ကဗျာစာရွက်တရွက် ကို…
တခါ တခါ ထုတ်ကြည့်ဖြစ်တယ်…
တမ်းတခြင်းတွေ က ငါ့ရင်ခွင်ကို
အကျယ်လောင်ဆုံးဖုန်းခေါ်တယ်….
နင်ဟာ….သာသာယာယာ…
လှည့်ဖျားတတ်လေသော မာယာ….
တစ် နှစ် သုံး လေး ငါး ခြောက် ခွန်…..
တစ် နှစ် သုံး လေး ငါး ခြောက် ခွန်…..
ဖြစ်နိုင်မယ် ဆိုရင်
မလိုအပ်ပဲလဲ ထပ်ညာပါ….
နင်ရှာနေတဲ့ ပိုက်ဆံတွေလောက်တောင်…
ငါဟာ နင့်အတွေးတွေထဲနေရာ မရတော့တဲ့အခါ….
ငါသာလျှင်မင်းအကြောင်းကို တစ်ရာမှာတယောက်
အမှန်တရားသိသူအလား
ထင်ရောင်ထင်မှားစကားတွေနဲ့ ….
အရင်လိုငါ့အား ဆက်ညာပါ….
(……အိပ်မက်….)
ငါ့ကိုယ်ငါ ပြန်ဆယ်နေရင်းက….
“ငါ” ဆိုတာက ပျောက်ပျောက်သွားတယ်….
လပြည့်ညတွေအကြောင်း… ပုံပြင်တပုဒ် ထပ်ပြောပြပါ….
သ၀န်မတိုတတ်မှန်း သိသိရက်နဲ့  မကြာခဏ အရွဲ့ တိုက်ပြပါ…
ငါ့ကိုယ်ငါ ဖြန့် ကြည့်မိတဲ့အခါ….
ငါဟာ သိပ်ကိုပါးလျှ လွန်းပါလားးး….
အဲ့ဒီခွေးရုပ်လေး…ငါ့ကိုပြန်ပေးပါ….
နင်မဖတ်တတ်တဲ့ ငါ့ကဗျာစာရွက်တွေ ပြန်ပေးပါ….
ကျပျောက်သွားခဲ့တဲ့ ရင်ခုန်သံတွေပြန်ပေးပါ…
သုံးစားလို့ မရတော့တဲ့ နားလည်မှုတွေပြန်ပေးပါ…
တစ် နှစ် သုံး လေး ငါး ခြောက် ခွန်…..
တစ် နှစ် သုံး လေး ငါး ခြောက် ခွန်…..
တီးတိုးရေရွတ်သံဟာ…
ပတ်ဝန်းကျင် အသံတွေကြားမှာပဲ တိမ်ဝှက်သွားခဲ့…
တော်ပါ……
အလွမ်းတွေချည်းပဲ သောင်လာထွန်းတော့တဲ့အခါ
ငါဟာ ကမ်းပါး တခုမဖြစ်ချင် တော့ပါ…။ ။

ပြန်မဆုံဖြစ် ကြရင်












ရင်တွေနာလိုက်တာ….
ချစ်သူ လို့ တီးတိုးညည်းတွား လိုက်တဲ့ခဏ မှာတင်
အသိ က အရှိုက်ကို လာထိတယ်…
အသိတရားကြောင့်ရှက် တာလား….
အရှက်တရားကြောင့် သိတာလား…
သေချာတာကတော့
မင်း မတရားဘူး….

ငါ ဘာမှားခဲ့သလဲကွယ်….
ဘာ ဆိုဘာမှ မသိခဲ့တာကလွဲရင်…

ငါ ဘာမှားနေသေးလဲကွယ်…
ဘာဆိုဘာ အသိတရားမှ မရှိတော့တာကလွဲရင်…

တကယ်လို့ ဝေးခဲ့ရင်…
ငါ မင်းအဝေးမှာမနေတတ်ခဲ့ကြောင်း
ပြန်ပြောပြမယ်…

တကယ်လို့ လွဲခဲ့ရင်..
ငါ မင်းနဲ့ အလွဲမခံရဲခဲ့တဲ့ အကြောင်း
မင်းနားလည်ဖူးအောင်…
ငါရှင်းပြမယ်….

တကယ်လို့ …တကယ်လို့ ပေါ့ကွယ်…
ငါတို့ ပြန်မဆုံ ဖြစ်တော့ရင်….
စိတ်ချင်း..နှလုံးသားချင်းပါ…
အပြီးသတ် ဝေး ပေးလိုက်ကြရရင်…

ငါ မင်း အပေါ် နင့်နင့်နဲနဲ
ချစ်တတ်ခဲ့တဲ့ အကြောင်း …
ဒီရင်တခုလုံးစာ…ရင်းပြီး …
…………………………………
…………………………………..။ ။

(ကျမ ရဲ့ ရက်လွန်ပြက္ခဒိန်လေးတခုပါ…..ချစ်သူ နဲ့ ဝေးနေရတဲ့ခဏ ကဒိုင်ယာရီထောင့်စွန်း လေး)


ကျမ ၏၀ါသနာ



မမ နှင်းဆီနက်ကတဂ်တယ်...၀ါသနာတဲ့..... ဘာတွေဝါသနာပါလဲ ဆိုတော့... ဟိုးငယ်ငယ်လေးထဲက မိနွေးလေးက သီချင်းဆိုတာလေ.... စုဗူးက ညီမလေးတွေဖြစ်တဲ့ဆာမူရိုင်းတို့ သံယောဇဉ်တို့ ကတော့သိပါတယ်... မရမ်းခြံကျောင်း တကျောင်းထဲထွက်တွေကိုး...

နွေးနွေး ဖေဖေက အရင်ထဲကအဆိုတော်လေ...စီးရီးလဲ ၁၄ခွေလောက်ထွက်ဖူးတယ်... သူတို ခေ့တ်တုန်းက စတီဒီယို အဆိုတော်ပေါ့လေ... နာမည်တော့မဖေါ်ပြချင်ဘူး... သူ့ ရဲ့ တချို့ သီချင်းခေါင်းစဉ်တွေက အခုချိန်ထိ
လူတွေပါးစပ်ဖျားမှာခတ်စားတုန်းပါ..."မှားပါတယ် ကိုသောင်းရယ် "တို့ .... "မာယာဒေ၀ီ" တို့ ...
အဲ့ဒီတော့ကာ...ဖေဖေ့သမီးနွေးကလည်း အနူပညာကိုဝါသနာပါတယ်ပေါ့လေ....
သီချင်းစဆိုဖြစ်တာကဒီလို... ဖေဖေ ကနွေး မမလတ်ကို အဆိုအကအရေးအတီး သင်တန်းဝင်ပြိုင်ခိုင်းတော့
နွေးက ၂တန်း..မမက ၆တန်းပေါ့နော်..မယ်ဒလင်နဲ့ ...သီချင်းတိုက်ပေးနေရင်း မမက သီချင်း မရသေးဘူး ..
နွေးက "ဖေဖေသမီးရပြီ" ဆိုပြီးဆိုပြလိုက်တာ..ဖေဖေ ကနွေးကိုပါ ပြိုင်ပွဲဝင်ခိုင်းတော့တာပေါ့...
အဲ...သီချင်းတိုက်ပေးရင်းလွဲတာတခုရှိတယ်.." စိမ်းလဲ့ကန်သာ" ဆိုတဲ့ အမေဒေါ်မေလှမြိုင်ရဲ့ သီချင်းကိုတိုက်တုန်းကပေါ့...သီချင်းထဲမှာက ညနေခင်းဆို ပျိုမေတသင်းရေခတ်ဆင်းတဲ့အကြောင်းလေးပါတယ်..အဲ့ဒီ့ကန်မှာလေ...စာသားလေးက ညနေစောင်းလေးကို "ယွန်းလုလုဂေါယာ" လို့ တင်စားထားတယ်...
အဲ နွေးက ၂တန်းရှိသေးတာ ဂေါယာ ဘယ်သိမလဲ... "ယွန်းလုလုရောဂါ" လို့ ဆိုတာ... ဖေဖေ ကဘယ်လိုမှပြင်ပေးလို့ မရဘူး...သမီးမှ မသိတာကိုးဆိုပြီး..နောက်ဆုံးဖေဖေ စိတ်ဆိုးပြီး ငါမယ်ဒလင်နဲ့ ကောက်ရိုက်လိုက်ရ ဆိုမှ..." ယွန်းလုလုဂေါယာ" ဖြစ်သွားတော့တာ..ဟီးး
အဲ့ဒီ ၂တန်းထဲက နှစ်တိုင်း ဆို၊က၊ရေး၊တီး ပြိုင်ပွဲဝင်ဖြစ်ခဲ့တာ ...နွေးဖေဖေ ဆုံးပါးသွားတဲ့ ၉တန်းနှစ်အထိ ပါပဲ... ဆုတွေလဲ အများကြီးရဖူးတယ်... မဟာဂီတ၊ ဓမ္မတေး၊ကာလပေါ် တေး သုံးမျိုးစ လုံး ဆိုတတ်တယ်...း-) ငယ်ငယ်ကလေ ...ကျောင်းမှာ ပြိုင်ပွဲဆို အစုံပါတာ... ပါလေရာလေးပေါ့... ကဗျာရွတ်ပွဲလဲပါတယ်... စာစီစာကုံးလဲပါတယ်... ဗုဒ္ဓဘာသာ..ရော ..ပန်းချီပြိုင်ပွဲရော... သီချင်းကလဲဆို...
အဲ...ကြွားလိုက်ဦးမယ်..ဟီးးး နွေးက အဆင့်ဆိုလဲ ၁ ကနေ သုံးကဘယ်တော့မှ မဆင်းဘူးဆရာ... မယုံရင် ညီမလေးဆာမူရိုင်းမေမေကိုမေးကြည့် နွေးဆရာမ အရင်းခေါက်ခေါက်ကြီးရယ်....သိလား..း-)
အဲ့ဒါ ၈တန်းနှစ်ရောက်တော့ပြိုင်ပွဲတိုင်းမှာဆုတွေအကုန်ရတော့ ကျောင်းကနေပြီးတော့ အမှတ်တရဆိုပြီး အကယ်ဒမီ ကြေးရုပ်ကလေး ဘက်စုံဆု ဆိုပြီးပေးတယ်လေ...ပျော်လိုက်တာ... ငါအကယ်ဒမီ ရပြီဆိုပြီးလေ..ဟိ... အဲ့ဒီ့ကြေးရုပ်ကလေး ကို သံပရာသီးနဲ့ ပြောင်နေအောင်ပွတ်ပွတ်ပေးပြီး ဧည့်ခန်းမှာထားပြီးကြွားရတာအမော... ငါက အတန်းပတ်လည်စာပထမ ၊ ပန်းချီ၊ကဗျာရွတ်၊စာစီစာကုံး ၊အဆို ၊ဗုဒ္ဓဘာသာသင်တန်းမှာ ပထမ ရလို့ ရတာဆိုပြီး... သူငယ်ချင်းတွေဆို အမြင်ကတ်ပြီး အိမ်မလာကြဘူး... အဲ့တလောကလေ...(ကြုံလို့ ကြွားပါသည်)း-P

ကျောင်းမှာ ဓမ္မစကြာရွတ်တယ်...အမွှန်းကိုနွေးပဲ အမြဲရွတ်ရတယ်... ဆယ်တန်းအောင်ပြီးသွားတော့တောင် နွေးတို့ မရမ်းခြံက ဆရာမ ဒေါ်မြင့်မြင့်အေးတို့ ဒေါ်ကြည်ကြည်ဝင်းတို့ ၊ဆရာမကြီးတို့ က အကူအညီတောင်းလို့ညီမလေးတွေကို ဓမ္မစကြာရွတ်နည်း သွားသင်ပေးရတယ်... ပြိုင်ပွဲရှိတာကိုး...ကျောင်းပေါင်းစုံလေ... အဲ ဒါပေမယ့် ကျောင်းစုံညီပွဲကျတော့ နွေးက တက်ကပြန်ရော...ဟီးးး သီချင်းဆိုတယ် ၊ကတယ်...ပြီးတော့ ကလေးပိစိလေးတွေကို "စပါကလင်အချစ် " တို့ ဝိုင်းဝိုင်းစက်စက် ၀လုံးကိုရေး...သီချင်းတွေနဲ့ အကသင်ပေးတယ်...
ပြောရမယ်ဆိုရင်နွေးက အနူပညာပိုးပါတယ်ပဲပြောရမှာပေါ့နော်.... ငယ်ငယ်ကသီချင်းဆိုတော့ အမေရီရီသန့် တို့ အမေ ဒေါ်တင့်တင့်ဝင်း (မဟာဂီတ)တို့ ကပြောဖူးတယ်... ပါရမီရှိတယ်ဆိုပဲ..ဟီးး
ကြုံရင် မောင်နှမတွေကိုသီချင်းဆိုပြမယ်....း-)

ကဗျာရေးတာကလဲ နွေးဝါသနာ... ၇တန်းလောက်မှာ နွေးစာအုပ်လေးတွေထဲ ကဗျာတွေရောက်နေပြီ...
ကိုယ့်ဘာကိုယ် မရေးတတ်ရေးတတ်စမ်းရေးတာတွေရော... သူများကဗျာလေးတွေကြိုက်လို့ ကူးထားတာတွေရော...လေ....
အသက်မွေး ၀မ်းကျောင်းမှု အတွက် နွေးဝါသနာပါခဲ့တဲ့ အလုပ်ကတော့ ကျောင်းဆရာမ ပါ...
ဖေဖေဆုံးသွားတော့မုဆိုးမ မေမေ့ရုန်းကန်မှုနဲ့  ဆယ်တန်းကို အလူးလူးအလဲလဲ ပညာသင်ခဲ့ရပေမယ့် ...
အမှတ်စာရင်းက အမှတ်လေးက များသေးနေတော့ မေမေ က ဘီအီးဒီ ရမှတက်ရမယ်တဲ့... ကံမကောင်းစွာနဲ့ ဘီအီးဒီခေါ်တဲ့ အမှတ်ကို ၂မှတ်ကပ်လွဲပြီး နွေးလဲ နည်းပညာ တက်လိုက်ရပါတယ်....
မူလတန်း၊အလယ်တန်းပြသင်တန်းပဲသွားတက်မယ် နောက်မှ ဘီအီးဒီဝင်ခွင့်ပြန်ဖြေမယ်..ဆိုတော့ မေမေ ကလက်မခံနိုင်ပါဘူး...နွေး ရထားတဲ့အမှတ်တွေကို နှမျောတယ်တဲ့....နွေးလဲ မေမေ ဖြစ်စေချင်တဲ့ ဘ၀ကိုပဲ
စနစ်တကျ ရှင်သန်ခဲ့ပါတော့တယ်...
နွေး ၀ါသနာတွေကတော့ အဲ့တာလေးတွေပါပဲ.... လောလောဆယ် ဘ၀အခြေအနေကြားထဲက ဖေါက်ထွက်ရင်း နွေးလုပ်ဖြစ်နေတဲ့ ၀ါသနာလေးကတော့ ကဗျာရေးခြင်းပေါ့....
ကျန်တဲ့ဝါသနာတွေကတော့ နွေးနွေးသဲမွန် ဖြစ်ခဲ့ဖူးတဲ့ဘ၀မှာကျန်နေခဲ့ပါပြီ...
အခုနွေးရဲ့ နာမည်အသစ် နဲ့ ဘ၀အသစ်က ဖြစ်သင့်တာတွေနဲ့ ... လုပ်သင့်တာတွေ....နဲ့ 
မနေချင်တဲ့အရပ်ဒေသတခုမှာရာယီ ရှင်သန်လှုပ်ရှားနေတဲ့.... စက်ရုပ်ဆန်ဆန်ကောင်မလေးတယောက်ပေါ့....

မမနှင်းဆီနက်ရဲ့ အကြွေးကိုဆပ်လိုက်ပါပြီနော်... မမရေ.ကျေနပ်ပါစေ... နွေးဒီရက်ပိုင်း ဖျားနေလို့ စာမရေးဖြစ်တာကြောင့် မမကို မနက်က တောင်းပန်လိုက်ရပါသေးတယ်... ကိုယ်တွေပူနေပြီး အခန်းကျဉ်းလေးတခုထဲမှာ မိသားစုမဲ့တယောက်တည်းစိတ်ပင်ပန်း တယ်...ပြီးတော့နွေးကအငြိမ်မနေ တတ်တဲ့ ကောင်မလေးလေ...ခုတော့ ငြိမ်ငြိမ်ကုပ်ကုပ်လေးနေရတာ..စိတ်ပျက်နေမိတယ်...
ရုံးပဲ ပြန်တက်ချင်လှပါပြီ.... နေမကောင်းလဲ မိသားစုဘေးမှာမရှိ...ကိုယ့်တယောက်တည်း...း-(
တအိမ်လုံးတယောက်တည်း သရဲကလဲကြောက်သေးတယ်... ။ ။











သူဟာ ကျမ ဘ၀ကို ထာဝရ လင်းချင်းစေတဲ့
နေတစင်း၊ လတစင်း….
အတ္တနဲ့ မှောင်မိုက်နေတဲ့ ဘ၀ကို
မြတ်နိုးခြင်းနဲ့ လင်းစေတယ်…
လူတကာ အပေါ်
ယုံကြည်ခြင်း ကင်းမဲ့တတ်တဲ့
အေးစက်စက် နှလုံးသားတစုံ ကို
တငွေ့ ငွေ့ နွေးထွေးလာစေတဲ့
မီးလင်းဖိုလေးတခုပေါ့….
သူ့ မျှော်လင့်ချက်တွေကို
ကျမဥပက္ခာ ပြုထားတတ်ခဲ့ပေမယ့်
သူကတော့ နူးညံ့ခြင်းတခုထဲနဲ့ 
ကျမ ယုံကြည်ခြင်းတွေကို
ချဉ်းကပ်နိုင်ခဲ့တယ်…
ဟန်ဆောင်ခြင်းတွေ ၊မာနတွေ နဲ့ 
ချည်နှောင်ယှက်ခဲ့တဲ့လက်တစုံကို
မေတ္တာတရားနဲ့ ချစ်ခြင်း တွေ
လွှမ်းခြုံတဲ့ ဘ၀တခုအဖြစ်
နေရာတကျ ပြောင်းလဲပြနိုင်ခဲ့တဲ့
မှော်ဆရာ တပါး..
သူ့ ချစ်ခြင်းတွေ နဲ့ ကျမ ဘ၀ကို
နွေးထွေးမှုပေးခဲ့တယ်….
ဒါပေမယ့် သူနွေးထွေးမှု ရရှိခဲ့ပါသလား…
သူ့ အနမ်းတပွင့်နဲ့ 
ကျမ ယုံကြည်မှုတွေ ပြည့်ဝစေခဲ့တယ်
သူရော ကျမဆီမှ
ယုံကြည်မှုတစုံတရာ
ရရှိခဲ့ဖူးပါသလား…
အို….ကျမ ကိုယ်ကျမ မသေချာခဲ့ပါ…
ဒီနေ့ အထိ သေချာနေခဲ့သော အချစ်သည်..
ကျမ အတွက်တော့ ဒီ့ထက်ပိုသေချာနိုင်သော အချစ်
ထပ်မရှိလာနိုင်တော့သော
သက်တံ့ရောင်မြတ်နိုးမှုသက်သက်တခုဖြစ်သည်……
ဒီစာသည် ကဗျာမဟုတ်ပါ….
ကျမ ၏မှောင်မိုက်နေသော အတ္တမာန များနှင့်
သူ့ စိတ်နှလုံးအားနာကျင်စေခဲ့သော
နေ့ ရက်များအတွက် …
တစုံတရာသော တောင်းပန်ခြင်းတခု သာဖြစ်လိုပါသည်…
သူကိုယ်တိုင်
ထပ်ကာထပ်ကာ ကြားလိုခဲ့သော်လည်း…
သူ, ကိုယ်တိုင်မယုံကြည်နိုင်သေးသော စကားတခွန်းကိုသာ
ကျမ ရိုးရိုးလေးပြောပြချင်သည်…
သူ့ အားကျမ အတုအပမဲ့ချစ်ခဲ့ပါသည်..
သူ့ အားကျမ အတုအပ မထား ချစ်သွားပါမည် ဟူ၍သာ……။ ။










သူငယ်ချင်း တဲ့ ….ကျမ အတွက် မရှိမဖြစ် ဝေါဟာရလေးတခုပါ…. ကျမ က သူငယ်ချင်းကို လိုအပ်တာထပ်ကို ပိုခင်တွယ်တတ်တဲ့ မိန်းခလေး တယောက်လေ…ဟိုးငယ်ငယ်အတန်းကျောင်းသူဘ၀လေးတုန်းကတော့ မိဘတွေ မိသားစုတွေနဲ့ မို့ကျမအတွက် သူငယ်ချင်းဆိုတဲ့ အခန်းဂဏ္ဌဟာသိပ် မသိသာခဲ့ရပေမယ့်… တက္ကသိုလ်ကျောင်းသူဘ၀ရောက်လို့ နယ်မှာကျောင်းသွားတက်ခဲ့ရချိန်က စလို့ 
ကျမ အတွက် သူငယ်ချင်းဆိုတာ တဖြည်းဖြည်းချင်းထင်ရှားလာတဲ့ အခန်းဂဏ္ဌဖြစ်လာပါတယ်… ကျမတို့ အတန်းတူ အဆောင်တူ သူငယ်ချင်းတွေဟာ ညီအမ တွေထက်တောင် ပိုချစ်ကြပါတယ်… ကျမ မမ ကိုယ်တိုင် ကျမ သူငယ်ချင်းတွေနဲ့ ယှဉ်ပြီးအမြဲ သ၀န်တိုဖြစ်ရအောင်ကို ကျမတို့ တွေက ချစ်ကြပါတယ်…တယောက်နဲ့ တယောက်ယုံကြည်ကြပါတယ်…

သူငယ်ချင်းဆိုတာကိုယ့်အမှားမြင်ရင်အမှန်အတိုင်းထောက်ပြနိုင်ရမယ်… သာပေါင်း နာခွါဆိုတာ သူငယ်ချင်းကောင်းမဟုတ်ဘူးဆိုတဲ့စကားကို ကျမတို့ ယုံကြည်ကြတယ်… ကျမ တို့ မောင်နှမ သုံးယောက်မှာ ငယ်စဉ်ကတည်းက ဖေဖေ့ အမွေအနှစ်ဖြစ်တဲ့ မွေးရာပါ နှလုံးသွေးကြောကျဉ်းတဲ့ဝေဒနာ ရှိကြပါတယ်… အမြဲတမ်းရောဂါကြီးတခုလို မဟုတ်ကြပေမယ့် တခါတလေ တော့မခံမရပ်နိုင်အောင် ရင်ဘတ်အောင့်တတ်တယ်…အဆောင်မှာ ကျမရင်ဘတ်အောင့်တိုင်း သန်းခေါင်သန်းလွဲအချိန်တွေမှာ ဆေးရုံအုပ်အိမ်အထိ အရောက်လိုက်ပို့ ပေးခဲ့ကြတာ ကျမသူငယ်ချင်းတွေပါပဲ…ဒီကိုရောက်စ က တယောက်တည်းနေမကောင်းဖြစ်တဲ့အချိန်တုန်းကဆို သူငယ်ချင်းတွေကိုပဲ အရမ်းသတိရမိတာပါပဲ…ကျမ ရဲ့ မမ က စိတ်အားငယ်တတ်တယ်…စိတ်ဓါတ်အတက်အကျလွယ်တယ်… ကိစ္စတိုင်း၊ပြဿနာ တိုင်း ကျမသူမ ကိုတိုင်ပင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး
အဲ့ဒီ့အချိန်တွေတိုင်း ကျမ အတွက်မရှိမဖြစ်ဟာလည်း ကျမသူငယ်ချင်းတွေပါပဲ…. ကျမ မှာ မကောင်းတဲ့အကျင့်တွေ အများကြီးရှိပါတယ်..သူတို့ သည်းခံပေါင်းရတယ်..ကျမ က လှီူ့ ဝှက်တယ် တခါတလေ အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းတဲ့ကိစ္စတခုကို ကျမလုပ်နေပြီဆို ဘယ်သူ့ ကိုမှ မပြောပြတတ်ဘူး… စာမေးပွဲဖြေတာကအစ ကိုယ်ဖြေနိုင်တာထက် တ၀က်လောက်ကိုလျော့ပြီးမှပြောပြတတ်တာ… ပြီးတော့တစွတ်ထိုးဆန်တယ်… ကိုယ့်အန္တရာယ် ကိုယ်မမြင်လောက်အောင်ကို လုပ်ချင်တာကို တစွတ်ထိုးလုပ်တတ်တယ်…ပြီးတော့လဲ
ကျမ ချစ်သူပြောသလို အိမ်ကျယ်ပေါ့…သူငယ်ချင်းတွေ ၊ မိသားစုတွေလောက်ပဲ နိုင်တယ်…သူများတွေ လာတိုက်ခိုက်လာရင် ရုတ်တရက် ထက်တာတွေ စွာတာတွေပျောက်ကုန်ပြီး ထုံသွားရော…အဲ့ဒီ အချိန်မျိုးဆို ကျမသူငယ်ချင်းတွေက ကျမ အတွက် ဟီးရိုး ၀င်ဝင်လုပ်ကြရတယ်…( တကယ်တော့ရန်ဝင်ဖြစ်ပေးတာပေါ့ ..ဟီဟိ ပြောကောင်းအောင် ပြောတာ)…

တခါဆို အမျိုးသမီးလေးတယောက်ပေါ့ ကျမ ကို အတန်းရှေ့မှာလာခေါ်တာ…ကျမလဲတခါမှ မသိမမြင်ဘူးခဲ့ဘူး… သူက “ နင်က----လား ရှင်းစရာရှိလို့ သုံးထပ်ဆောင်ပေါ် ခဏလိုက်ခဲ့စမ်းပါ “တဲ့ …ကျမလဲ သူ့ ကိုမသိတော့ကြောင်တောင်တောင်ပေါ့ ကျမသူငယ်ချင်းတွေကလဲ လိုက်မယ်ဆိုတော့ သူက” နင်တို့ နဲ့ မဆိုင်ဘူးနေခဲ့ သူနဲ့ ပဲပြောချင်တာ”တဲ့ ကျမကလဲ သူ့ ကြောက်တယ်ထင်မှာစိုးလို့ နေခဲ့လို့ ပြောရတာပေါ့… အဲ့ မမလေးတို့ က မနေပါဘူး..နောက်ကနေလိုက်ချောင်းတယ်…
ဖြစ်ပုံကဒီလိုပါ..သူက အရင်က နွေးကိုလိုက်ဖူးတဲ့
ကောင်လေးတယောက်နဲ့ လက်ရှိကြိုက်နေတဲ့ကောင်မလေး.. အဲ… ထူးဆန်းတာက သူက သူ့ ရည်းစားနဲ့ ကင်းကင်းရှင်းရှင်းနေပါ ဆိုပြီးလာကွိင်တာပါပဲ…ကျမ အဆောင်ရှေ့မှာ သူ့ ရည်းစားက ဂစ်တာလာလာတီးတာသူ့ သူငယ်ချင်းတွေက ပြန်ပြောလို့ တဲ့..ကျမတို့ ကသိတောင်မသိပါ..လာတီးတဲ့အဖွဲ့ တွေက အများကြီး ရယ် …အဆောင်မှာလဲ မိန်းကလေးတွေအများကြီး ဘယ်သူ့ လာတီးမှန်းမသိပဲ ခံစားမနေနိုင်ဘူး..နွေးတို့ ကတော့ အိပ်တာပဲ..း-) ကျမ ကဘာမှ မပြောပါဘူး” နင့်ရည်းစားကိုသေချာပြန်မေးကြည့်လိုက်ပါ ငါက စိတ်မ၀င်စားလို့ ဘယ်တုန်းကမှ မပတ်သတ်ခဲ့မိပါဘူး “ လို့ … အဲ့ဒါအမှန်ပါ..အဲ့တယောက်ကိုလဲ မကြိုက်ပါဘူး.. သူကမျက်နှာမှာဝက်ခြံတွေ အများကြီးရယ် နွေးအပြစ်ရှိတယ်ဆိုရင် သူပေးတဲ့ ဂျယ်လီတွေစားခဲ့မိတဲ့အပြစ်ပဲရှိပါတယ်…ဟီးး… ငတ်တာ…
စားတာလဲ သူငယ်ချင်းတွေရော ၊ အဆောင်ကလူတွေရောအကုန်စားကြတာပါ…ကိုယ်တယောက်ထဲဟုတ်ရပါဘူး… အဲ့ကောင်မလေးကလဲ ကျမကိုဘယ်တုန်းကတည်းက မုန်းနေရှာတယ်မသိပါဘူး..ရန်တွေ့ ပြီးတော့ကိုပြောတာပါ…ဒီကလဲ မိန်းမ၀ါဒီသမားဆိုတော့ သိတယ်မှလား…
“ ဒီလိုယောင်္ကျားလေးတယောက်အတွက်စကားပြောနေရတာ သိက္ခာကျပါတယ်ဟာ..ငါလဲ ဒီတခါဂစ်တာလာတီးရင်သေချာသတိထားပြီးမလာဖို့ ပြောလိုက်ပါ့မယ် သိလား “ ဆိုပြီးရွှေပြည်အေး တရားဟောလိုက်တော့ ကျမသူငယ်ချင်းတွေက မနေနိုင်ပါဘူး.. ကျမ မမ ကို ကျမ မသိအောင် ဖုန်းဆက်တိုင်ပါတယ်… သူတို့ ကအကုန်သိနေတော့မကျေနပ်ကြဘူးလေ.. ရည်းစားစာဖတ်တာကအစ ဂျယ်လီအဆုံးသူတို့ ပါဝင်သရုပ်ဆောင်ထားကြတာကိုး…
အဲ့မှာတင် ကျမကိုဆတ်ဆတ်ထိမခံတဲ့ကျမ အမ ရောက်လာပြီး ကျောင်းသားရေးရာတိုင်မယ်တွေဘာတွေကောင်မလေးနဲ့ အဲ့ဒီ့သကောင့်သား
လေးကိုခေါ်ပြောတာ… သကောင့်သားလေးက သူမသိလို့ ပါ…တောင်းပန်ပါတယ်…သူ့ ကောင်မလေးကိုလဲ တောင်းပန်လိုက်ဆိုပြီး တောင်းပန်မှပဲ ကျေနပ်ကြပါတော့တယ်..ကျမက ဘေးထိုင်ပါ… အဲ့ဒီ့နေ့ ကများကျမသူငယ်ချင်းတွေပြောဆိုနေလိုက်ကြပုံများမျက်စိထဲက
မထွက်ဘူး … အဲ့ကောင်လေးကိုလေ နင့်အကြောင်းနင်သိပါတယ်… သူများသမီးရည်းစားပြတ်အောင်ငါတို့မပြောချင်ဘူးဆိုပြီး
တခါတည်းပြောလိုက်ကြတာများ… သူတို့  ကို နဲ့ ချစ်လေးခမျာ တကယ်ပြတ်သွားရှာရော …
အဲ့တာကကျောင်းတုန်းကသူငယ်ချင်းတွေအကြောင်း…

ရန်ကုန်ပြန်ရောက်တော့ ကျမ မှာက အပြင်မှာခင်တဲ့သူငယ်ချင်းခပ်ရှားရှားထဲမှာမှ အခု ဒီပိုစ့်ကို
တဂ်တဲ့ သူငယ်ချင်းသူရဿဝါ တို့ ပုံပုံတို့ နှစ်ယောက်နဲ့ အရမ်းခင်ခဲ့တယ်…အကိုလိုခင်ရတဲ့ မမသူငယ်ချင်း
အကိုကြီးတယောက်ရဲ့ ဆိုင်မှာ ၀ိုင်းကူညီနေရင်းနဲ့ သူနဲ့ စသိတာပါ…သူက အဲ့ဒီ့အကိုရဲ့ ညီဝမ်းကွဲ…
နွေးနဲ့ အတူအလုပ်တွဲလုပ်ပေးဖို့ ဆိုပြီးရောက်လာတာ..စသိစကတည်းက ထင်မှတ်မထားအောင် အရမ်းခင်ဖို့ ကောင်းတဲ့
ပွင့်ပွင့်လင်းလင်းကောင်လေးတယောက် ….ကျမ စိတ်အ၀င်စားဆုံးက သူနဲ့ အတူ သူ့ လွယ်အိတ်ထဲပါလာတတ်တဲ့ ကဗျာစာအုပ်တွေ
စာအုပ်ထဲမှာသူရေးတဲ့ ကဗျာတွေရော … သူကြိုက်တဲ့ကဗျာတွေရော အကုန်ပါတယ်… သူ့ ကဗျာတွေအောက်မှာရေးထားတဲ့ ကလောင်နာမည်လေးကို မြင်ဘူးပါတယ်ဆိုပြီး အိမ်ကကဗျာစာအုပ်တွေထဲပြန်ရှာကြည့်တော့GTCကျောင်းတုန်းက သူရေးထားတဲ့
"ဂျီတီအိုင်ရုပ်ကြွင်းသစ် "ဆိုတဲ့ကဗျာလေးကို ပြန်တွေ့ ရတယ်… ခဏတာအချိန်အတွင်းမှာပဲ ၀ါသနာတူကျမတို့ တွေ အရမ်းခင်ခဲ့ကြပါတယ်…
နောက်တယောက်က ပုံပုံတဲ့ … သူက သီချင်းဆိုအရမ်းကောင်းတယ်…ဆိုင်မှာ မီးပျက်နေတဲ့အချိန်ဆိုရင် ကျမတို့ ဂစ်တာတီးပြီးသီချင်းတွေထိုင်ဆိုနေကြတယ်..တယောက်နဲ့ တယောက်ငယ်ပေါင်း ကြီးဖေါ်တွေလိုပဲ ပြောမနာဆိုမနာခင်ခဲ့ကြတယ်..
ကျမ ခင်သလို သူလဲကျမ အပေါ်ထပ်တူထပ်မျှ သံယောဇဉ်ရှိတယ်ဆိုတာကို ကျမ ယုံကြည်ဖို့  ကျမဒီကိုလာတဲ့နေ့ က လေဆိပ်
လိုက်ပို့ စဉ် က တွေ့ လိုက်ရတဲ့ မျက်ရည်ဝဲ နေတဲ့ သူ့ မျက်လုံးတွေက သက်သေပြနိုင်ခဲ့ပါတယ်…
ဝါ၀ါ ခေါ်လို့ ပဲစုဗူးမှာကျမ ကဗျာစရေးတယ်.. စုဗူးကသူငယ်ချင်းတွေထပ်ရတယ်.. သူ့ ကောင်းမှုနဲ့ ပဲ… မမ မိုးခါးတို့ ပန်ပန် တို့ ဒီက
ဘလောဂါ မောင်နှမတွေနဲ့ ခင်ရတယ်…မိတ်ဆွေကောင်းတွေထပ်ရတယ်… အရမ်းလဲစိတ်ချမ်းသာတယ်…
ကျမ အတွက်ကတော့ သူငယ်ချင်းကောင်း ၊မိတ်ဆွေကောင်းဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့ လောကကြီးရဲ့ လက်ဆောင်တွေပါ….
ကျမ ဘ၀ရဲ့ ပျော်ရွှင်မှုတွေအတွက် … ထာဝရ အထောက်အပံ့ဖြစ်စေတဲ့ အင်အားတွေပါပဲ….

ဒီပိုစ့်ကိုသူငယ်ချင်းသူရဿဝါတဂ်လို့ ရေးလိုက်ပါတယ်… ကျေနပ်ပါစေ ..သူငယ်ချင်းရေ…မမနှင်းဆီနက် အကြွေးကျန်သေးတယ်...း-) ။ ။
တလက်စတည်း ဒီခေါင်းစဉ်လေးကို မမကဗျာမလေး နဲ့ ကိုခရောင်းလမ်းတို့ ကိုလက်ဆင့်ကမ်းပါတယ်…...
အားလပ်ချိန်လေးများရှိခဲ့ရင် ရေးပေးကြပါလို့ ….. ။ ။

နေချင်တဲ့ မြို့လေး

နွေးက ဘယ်လိုနေရာမျိုးလေးမှာ နေချင်လဲဆိုတော့ ဖွံ့ ဖြိုးတိုးတက်မှု သိပ်မရှိတဲ့ နယ်မြို့ လေးတမြို့ မှာနေချင်တယ်…
အရမ်းကြီးတော့မခေါင်ဘူးပေါ့လေ… ဒါပေမယ့် မြို့ ပြတွေနဲ့ နဲနဲ အလှမ်းဝေးမယ့်နေရာမျိုးလေး … အဓိက ကတော့ အဲ့ဒီ့နေရာလေးမှာ ကိုယ့်စိတ်ဟာ လွတ်လပ်နေမယ်..အပူအပင် သိပ်မရှိဘူးပေါ့နော်…
ပြီးတော့ နွေးက အအေးကြောက်တယ် နည်းနည်းအေး ပတ်ဝန်းကျင်အေးတာနဲ့ လက်ဖျားတွေအေးစက်လာရော
ငယ်ငယ်လေးကတည်းက အေးရင်လဲအော်ငိုတယ်၊ ပူရင်လဲအော်ငိုတယ်တဲ့ နွေးနွေးထွေးထွေးလေးထားမှ နေတတ်လို့ မေမေ ကိုယ်တိုင် နွေးနွေးသဲမွန် ဆိုတဲ့နာမည်ကိုပေးထားခဲ့တာပဲကြည့်…( အခု passport ထဲကနာမည်ကတော့ အဲ့တာမဟုတ်ပါဘူး… ၈တန်းရောက်မှ ပြောင်းလိုက်တဲ့နာမည်နဲ့ ပါ) အဲ့တော့ အပူအအေးမျှတ တဲ့နေရာမျိုးလေးပဲ ဖြစ်ချင်တယ်…ရာသီဥတုအေးပေမယ့် လေထုလေးတွေ နွေးထွေးနေ မလား…
အခုချိန်မှာ အလုပ်တွေလုပ်ပြီး ပိုက်ဆံနောက် တကောက်ကောက် လိုက်နေပေမယ့်
အဲ့ဒီ့မြို့ လေးရောက်ရင် နွေးထွေးတဲ့မိသားစုလေး နဲ့ သားကလေးတွေ သမီးကလေးတွေကို
ကိုယ်တိုင်စာသင်ပေးနေတဲ့ မေမေ တယောက်ပဲဖြစ်ချင်တယ်..
ပူအိုက်တဲ့နွေရာသီမှာဆို လေတဖြူးဖြူးတိုက်နေတဲ့ သစ်ပင်အောက်က ကွပ်ပစ်လေးမှာ သနပ်ခါးညီညီလေးလူးပြီး စာရေး၊စာဖတ် လုပ်ချင်တယ်…
ပြီးတော့ နွေးအတွက် ပျော်ရွှင်မှုတွေ ဖန်တီးပေးတတ်တဲ့သူငယ်ချင်းတွေနဲ့ မကြာခဏတွေ့ ခွင့်ရချင်တယ်…
နွေးတို့ မကြာခဏသွားထိုင်ဖို့ ….
သီချင်းအေးအေးလေးတွေဖွင့်တတ်တဲ့ လက်ဖက်ရည်ဆိုင် လေးတဆိုင် အဲ့ဒီ့မြို့ လေးမှာရှိနေမယ်…
အရေးကြီးတာက အဲ့ဒီ့မြို့ လေးက အသီးအနှံပေါရမယ်… နွေးက အသီးမစားရရင် မနေနိုင်လေ…
မမ မိုးခါးပြောသလို မီးလဲမှန်စေချင်တယ်…( နွေးက သရဲဆိုအသေကြောက်တတ်လို့ )
စိတ်ပင်ပန်းနေရချိန်တွေ ရေကန်လေးတကန်ဘေးမှာထိုင်ပြီးတွေးနေရတာကို နွေးက စိတ်ထွက်ပေါက်လို့ ထင်တတ်တယ်..
အဲ့ဒီ့မြို့ လေးမှာ ရေကန်လေးတကန်ရှိရင်ကောင်းမယ်…
ဘာတွေပဲ ရှိရှိ မရှိရှိ နွေးအတွက် မဖြစ်မနေ လိုအပ်တာကတော့
နွေးအတွက် အရာရာ ကိုမျှဝေခံစားတတ်ပြီး အချိန်တိုင်းနွေး ဘေးမှာ ဖေးဖေးမမစောင့်ရှောက်တတ်သော
နောင် တစ်ချိန် နွေးသားသမီးတွေအတွက် ဖခင်ကောင်းတယောက်ဖြစ်လာမယ့် ၊ နွေးကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ထားခဲ့တဲ့
စိတ်ထားနူးနူးညံ့ညံ့လေး ကိုပိုင်ဆိုင်သော နွေးရဲ့ ချစ်သူ ကောင်လေး တယောက်…အဲ့ဒီ့မြို့ လေးမှာ ရှိနေခဲ့မယ် ဆိုရင်…

အင်း အဲ့မြို့ လေးက ဘယ်မြို့ လေးဖြစ်မလဲ မသိဘူးနော်…သေချာတာတော့ နွေးတို့  မြန်မာနိုင်ငံထဲက မြို့ ငယ်လေးတမြို့ ပဲဖြစ်နေမှာပါ…
နွေးရဲ့  personal boss လေးကတော့ တောင်ပေါ်မြို့ လေးတမြို့ မှာနေချင်တယ်တဲ့…. နွေးက အအေးကြောက်ပေမယ့် နွေးထွေးတဲ့မိသားစုလေးရှိနေမယ်ဆိုရင်တော့ လိုက်နေရမှာပေါ့လေ…ကဲ...ကြာပါတယ်ကွာ
နောက်ထပ် ၅နှစ် နှစ်ယောက်လုံးအလုပ်လုပ်ပြီးရင် မြန်မာနိုင်ငံပြန်ကြမယ်…။။။

မမ မိုးခါးရေ…ကျေနပ်မယ်ထင်ပါတယ်နော်… မကျေနပ်ရင်လဲ ညနေမုန့် လိုက်ဝယ်ကျွေး… (ဟီးးး)
အိမ်ထောင်ရေးဦးတည်ချက်လေးရပ်ထဲမှာ ကန်စွန်းရွက်ကိုအခြေခံ၍ အခြားသောဟင်းသီးဟင်းရွက်များစားသုံးရေးလို့ လတ်တလော ကြွေးကြော်နေတဲ့ သူငယ်ချင်း သူရဿဝါ… အခုမှ မြန်မာနိုင်ငံမှအိမ်ယာထူထောင်ဖို့  ကွင်းဆင်း၍ပြန်လာသော ကိုလင်းကြယ်ဖြူတို့ ကို လက်ဆင့်ကမ်းပါတယ်…း-) …အားလပ်ချိန်လေးများရှိရင် သနားကြပါလို့ .. :-P












မိုးသည်းလိုက်..နေသာလိုက်
ကျမ လို မုတ်သုန် ရာသီဥတုမျိုးမှာ
ကြာရှည် ရှင်သန်ပေးခဲ့တဲ့ ချစ်သူ
ရှင့် ကို ကျမ ကျေးဇူးတင်ပါရဲ့ …..

အပြင်လောက မှာ ခံစားမြိုသိပ် လာသမျှအားလုံး
ကျမ သူ့ ရင်ပြင်ပေါ် မှာပဲ မတော်မတရား
ဖေါက်ခွဲ ပစ်ခဲ့တာတွေ…..
ကိုယ့်ကို ကို ဘယ်တော့မှ အပြစ်မမြင်တတ်တဲ့
အတ္တတွေအပြည့် နဲ့ မိန်းမ
တခါတလေ တယောက်တည်းပြန်တွေး
တိတ်တိတ်ကလေး မျက်ရည်ကျမိတယ်
သူ့  လိုဘယ်သူခံစား နိုင်မှာလဲ….

တကယ်ဆိုသူဟာကျမ ရဲ့ တခုတည်းသော ခိုလှုံရာ
ဒီလိုပဲ အသိခေါက်ခက် အ၀င်နက်နေ တဲ့ကျမ
အဲ့ဒီ သံသယ တွေ နဲ့ ပဲ အခါခါ လောင်မြိုက်
သူ့ ရဲ့ နွေးထွေး တဲ့ရင်ခွင် မှာလဲ
စိတ်ချ လက်ချ မပျော်ပိုက်နိုင်ခဲ့ ဘူး….
စိတ်ပါ လက်ပါတောင်းပန် လိုက်ပါရဲ့  ချစ်သူ

ချစ်ခဲ့ ဖူးတာတွေ ပဓါန ထား
ကျမ အနားက ပျောက်မသွားပါနဲ့ ဦး
ကျမ…
ဘ၀ ထဲက အတွေ့ အကြုံ တွေ သင်ကြားနေရ သလို
ရှင့် ရင်ခွင်ဆီက အချစ်တွေ
ဆက်လက် သင်စရာ လို နေသေးလို့ …။ ။










ဟန်ဆောင်ကောင်းခဲ့တဲ့အတိတ်တွေထဲမှာ
တိတ်တိတ်လေးပဲနေခဲ့မယ်…
ဝေးကွာခြင်းအသံ တစွန်းတစကြောင့်တော့
မင်းမဖျားနာပါနဲ့ ကွယ်…

ဒါဟာ သေဒဏ်လား…
ဒဏ်ရာ ရထားတဲ့ ကျားနာ တကောင်လို
အမှောင်ခန်း တခုထဲမှာ ခပ်မဆိတ်နေရင်း
မင်းအကြောင်း ကဗျာတပိုဒ် ရေးချင်ခဲ့တယ်…

အခန်းပြင်ပ မှာ လွင့်ပျံ့ နေတဲ့
မင်းဂီတ တွေက မှတ်မှတ်ရရ
ငါ့ကိုကျန်ဆဲတယ်…

ငါက သေလူပါ…
သုညတလုံးလို ဘယ်ကိန်းဂဏန်းနဲ့ မြှောက်မြှောက်
တန်ဖိုး မရောက်တဲ့ အဖြစ်ဆိုးတခုနဲ့ ပေါ့…

ဘယ်ခရီးသွားသွား ငါ့ကိုထားခဲ့ပါ
မဟုတ်ရင် ကံကြမ္မာက မင်းကို
တိတိကျကျ ရန်ပွဲဖွဲ့ လိမ့်မယ်..

ပြန်ဆုံဖြစ်ခဲ့ရင်…
အတ္တတွေစီးချင်းထိုးနေကြမယ့်အစား…
ငါတို့ ဒြပ်မဲ့တခုအဖြစ် ပဲတည်ရှိနေကြရအောင်လားကွယ်…
ဒါဟာကဗျာတပိုဒ်လား…
ဘယ်လိုပဲဖြစ်ဖြစ်..
မင်းအတွက်တော့
ပီပီသသ မခါးရင် တော်ပါပြီ…။ ။

မေမေ…















မေမေ…
လှမ်းခေါ်မိလိုက်တဲ့…ခဏလေးမှာတင် လှစ်ကနဲပြုံး…
မေမေ့ ပါးကွက်လေးတဖက်ဟာ…သမီး တဘ၀လုံးပါပဲ...

ကျမ မေမေ ရယ်လေ…
ကိုယ် စိတ် နှလုံး သုံးပါးစလုံး… မရွှင်လန်း နိုင်ချိန်မှာတောင်…
မေမေ မျက်လုံး တွေ အမြဲ ပဲ ပြုံး နေခဲ့တယ်….
သားသမီးတိုင်းအတွက်…ထာဝစဉ်အင်အားပြည့်ဝ တဲ့ မျက်နှာပေးမျိုးနဲ့ 

ကျမ အောင်မြင်မှု အသေးအဖွားလေးများအတွက်…
အမြဲ အားပေး ဂုဏ်ယူနေတတ်တဲ့…မေမေ…
ကျမ ကျရှုံးချိန်တိုင်း…အမြဲနှစ်သိမ့်အားပေး တတ်တဲ့ ..မေမေ…
မေမေ့ ရင်ခွင်ထဲ တိုးဝှေ့ ချွှဲ မိ ချိန်တိုင်း…
ကျမ ကမေမေ့ အတွက်ထာဝရ ကလေးလေးတဲ့….လား ?

အခုတော့…မေမေ့… ကလေးလေးတယောက်
မဖြူစင်ကြတဲ့ ဒီလောက ရဲ့ …
ကမ်းလာတဲ့ လက်တွေ ကို ခါ ထုတ်….
တယောက်ထဲပဲ…မတ်တပ်စမ်းနေ ခဲ့တာ….
တခါတရံ တော့လဲ….အလဲလဲ အပြိုပြို….

ဟင့်အင်း…ကျမ ဘာကိုမှ စိတ်ပျက်နောင်တ မ ရ ပါဘူး….
မေမေ မွေးသော ကျမ ဟာ…မေမေ့ သမီးသာလျှင်ဖြစ်တယ်….

“လောကကြီး မှာကျမ အတွက်… ဘာမှ အဆင်သင့် မရှိပေမယ့်
ကျမ ယူ နိုင်ရင် ယူနိုင်သလောက် ရသတဲ့  “

ကျမ ပြိုယိုင်လဲကျ ချိန်တိုင်း…
မေမေ့ စကားသံတွေ ကိုပဲ နှလုံးသွင်းလို့ ..
လူမသိ..သူမသိ…
ကျမ ပြန်လည် ထူမတ် နိုင်ခဲ့တယ်….

မေမေ ဘယ်မှာ သေဆုံးလို့ လဲ…
မေမေ့ နှလုံးသွေးတွေ….ကျမ ရင်ဘတ်ထဲ…လှည့်ပတ်စီးဆင်းဆဲ…..

မေမေ ဘယ်မှာ သေဆုံးလို့ လဲ…
မေမေ့ အသိတရားတွေ..ကျမ ဦးနှောက်ထဲ…လှည့်လည် စီးဆင်းဆဲ….

“မေမေ” တဲ့
ကျမ ဘ၀ကို အမြင့်ပျံနိုင်ဖို့ …မှိုင်းတိုက်ပေးခဲ့တာ…
အဲ့ဒီ မေမေ့ မေတ္တာတွေ နဲ့ ပေါ့….

ဟောကြည့်….မေမေ ဘယ်မှာသေ ဆုံးလို့ လဲ….
ကျမ ရင်ထဲ ကနှလုံးသားထဲမှာ…

မေမေ အမြဲတမ်း… ပြုံးနေတုန်းပဲ……။.....။


( အခုတလော မေမေ့ကို အိပ်မက်တွေ မက်နေမိလို့  ဒီမေမေ ကဗျာလေးကို ပြန်တင်မိပါတယ်..)

“ဇလပ်ဖြူ”











ရှုပ်ရှက်ခတ် နေတဲ့ အမှန်တရားကို ဆေးကျောဖို့ 
အဖြူရောင်သွေးတစက်ပဲ လိုတယ်…
အိပ်မက်တွေကိုနောက်ယောင်ခံမလိုက်ဖို့ တော့
ငါ့ဦးနှောက် က
စိတ်ကူးတွေကိုအကျဉ်းချထားလေရဲ့  …။

အခုတလော ငါကဗျာတွေဟာလဲ
ငါ့လိုပဲ သိပ်မနူးညံ့ကြဘူး
အဆုံးသတ် စကားကတော့
ထုံးစံအတိုင်း
ဒါပါပဲ…ကွယ်..တဲ့….။

မင်းရဲ့ “အရင်လိုပါပဲ ”ဲ ဆိုတဲ့စကားအတွက်ကိုတော့
မှောက်ထားတဲ့ ဖဲချပ်တချပ်ကို
ဒီအတိုင်းပဲ ထားခဲ့ကြစို့ ရဲ့ …။

တကယ်တော့ အချစ်ဆိုတာ
ငါ့လက်ဖ၀ါး ထဲ ရှိလေ့ရှိထ ရှိတဲ့
တစ်ရူး(Tissue)တရွက်လိုပဲ..
ဆုတ်ကိုင်ထားခွင့်ရှိပေမယ့်
အချိန်တန်တော့လည်း စွန့် ပစ်ခံရမယ်…။

နောင်တ ဆိုတာ အမည်လေးလှသလောက်
ခံရခက်တဲ့ အရာမှန်း
ငါက (မင်းကို)သိစေချင်ယုံလောက်ပါပဲ…
မင်းကဗျာတွေ လင်းဖို့ 
ငါ့စိတ်ကူးတွေ ခင်းပေးခဲ့ဖူး သလိုလေးပေါ့…။

လောင်းကစား မဆန်ခဲ့တဲ့
အလောင်းအစား တခုပေါ့
နွေ ဟာပူမှာပါပဲ..
နွေ ကိုနွေ ပီသပါစေ…လေ…။

အဲ့ဒီလို ရက်ရောမှုတွေ အဆုံး
ဒီအဖြူရောင်ပန်းလေးတပွင့်ဟာ….
ခခယယ…
နူးနူးညံ့ညံ့ ဆုံးပါးသွားနှင့်တယ်…။ ။










အရောင်တွေက မှောင်တယ်
ပန်းဖြူ၊ပန်းဝါ၊ပန်းနီ၊ပန်းစိမ်း
အားလုံးက မှောင်တယ်...
ကောင်းကင်က မှောင်တယ်...
လမင်းက မှောင်တယ်....
ပတ်ဝန်းကျင်ကလဲမှောင်တယ်...
အရောင်တွေအားလုံးမှောင်တယ်....
ကိုယ့်ကိုကိုယ်ကျိန်ဆဲ မိခြင်းဟာမှောင်တယ်...
မပြုံးချင်ပဲ ပြုံးပြရတဲ့အခါ မှောင်တယ်....
မမှတ်မိပဲ သိချင်ယောင်ဆောင်ရတဲ့အခါ မှောင်တယ်…
ဟန်ဆောင်နေရတဲ့အခါ
ရသ မမြောက်တဲ့အသွင်အပြင်ကမှောင်တယ်…
မကြည့်ချင်ပဲမြင်နေရတဲ့အခါ…
မျက်ဝန်းတွေကမှောင်တယ်…
စိတ်တွေ လေလွင့်နေတဲ့အခါ
ရာသီဥတုက မှောင်တယ်…
အရောင်တွေအားလုံးကမှောင်တယ်....
ဖြူနီပြာဝါစိမ်း အားလုံးကမှောင်တယ်…
အာရုံကမှောင်တယ်…
စိတ်ခံစားမှုကမှောင်တယ်…
အိပ်မပျော်ပဲ မက်တဲ့အိပ်မက်တွေကမှောင်တယ်….
ဘာကိုမှ မတမ်းတမိတော့အောင်
အုံ့ အုံ့မှိုင်းမှိုင်း အလွမ်းတွေက မှောင်တယ်…
ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတဲ့အခါ
အဲ့ဒီ ကိုယ်ကိုကိုယ်ခြယ်ထားမိတဲ့အရောင်ကိုက
မှောင်တယ်…
အမှန်တရားက အမှောင်…
ကိုယ်ချင်းစာစိတ်က အမှောင်…
အကြင်နာတရား ငတ်မွတ်နေတဲ့ မျက်ဝန်းတွေက အမှောင်….
အရာအားလုံး……..
……………………….












ငါဟာ ကဗျာမဆန်တဲ့ ပန်းတပွင့်ပါ ချစ်သူ
နွေးထွေးမှု ကင်းတဲ့ ငါ့ရင်ပြင်မှာ
ခံယူချက်တွေကပဲ
ပျိုးပျိုးပြက်ပြက် လင်းတယ်…
ချစ်ခြင်းတခုကို
တဘ၀စာပန်ဖို့ အချင်းအရာဟာ
ငါ့အတွက်တော့…
သိပ်ကိုအိပ်မက်ဆန်လွန်းပါရဲ့ …
ရင်ခုန်ခြင်းဆိုတာလဲ
နေရောင်ထိတွေ့ ခွင့်မရတဲ့ပန်းတပွင့်လို
သိမ်ငယ်လွန်းလှပါရဲ့ …
မာယာများတယ်တဲ့လားချစ်သူရယ်…
ဟန်ဆောင်ခြင်းဆိုတာ
ငါ့ဥယျာဉ်မှာ
၁၂ရာသီစာလုံး ပျိုးထားခဲ့ရတဲ့
ပန်းတမျိုးပါ….
တိမ်တိုက်တခုလို
လွင့်ပါးလွယ် စိတ်ထားတွေကြောင့်တော့
နေရောင်ကို ငါမတမ်းတ လိုတော့ဘူး…
စိတ်ကူးယဉ်စကားလုံးတွေနဲ့ 
ငါ့ရင်ခွင်ကို မှိုင်းမတိုက်ပါနဲ့ တော့ကွယ်…
ငါဟာ အရင်လို ပြောတိုင်းယုံလွယ်တတ်တဲ့
ယုန်သူငယ်တကောင် မဟုတ်တော့ဘူး…။ ။

;;