သို့ …မေမေ….

ဘယ်တုန်းကမှ အဖြေမရှိခဲ့ဖူးတဲ့ ဒီသမီးအတွက် ပုစ္စာတပုဒ်တလေလောက်များ
ထားခဲ့ပါတော့လား မေမေ ရယ်…
တစ်သက်မှာတစ်ခါပဲ ဖြစ်ဖြစ် အဖြေတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဖြေကြည့်မိချင်တယ်…
အရပ်ရှစ်မျက်နှာက အချိန်မရွေးဝင်ရောက်နေတဲ့ မေးခွန်းပေါင်းစုံအတွက်…
သမီးမှာ အဖြေမရှိခဲ့ဘူး မေမေ…
တစ်စုံတရာသော အဖြေကိုတုံ့ ပြန်ဖို့ သမီးရဲ့ မြည်သံစွဲတွေ တခုတလေမှ အလုပ်မလုပ်ခဲ့ကြဘူး…

သိမ်ငယ်နေတဲ့ လမ်းမ…
တိမ်ဝင်နေတတ်တဲ့အသံတွေအတွက်….
အားအင်တချို့ တ၀က်လောက် လိုအပ်နေလိမ့်မယ် ထင်တယ် မေမေ…
အရောင်လွင့်နေတဲ့မိုးတိမ်…
ငိုကြွေးနေတဲ့ငှက်တအုပ်..
သောကလမ်းမပေါ်ဖြတ်သန်းစီးဆင်းသွားကြ…
မေမေရေ……
ခံနိုင်ရည်ဆိုတဲ့ ချပ်ဝတ်တံဆာတွေကို မွန်းမွန်း ကျပ်ကျပ် ၀တ်ဆင်ထားခဲ့ရတဲ့
ပေပေတေတေ အထီးကျန်ကောင်မလေးတယောက်ရဲ့ ရင်ဘတ်ထဲမှာ….
မိုးကောင်းကင် ဟိုမှာဘက်စွန်း အထိ…မျှော်လင့်ထားခဲ့…
ဒီလိုနဲ့ …….

ဘ၀ကိုရင်ဆိုင်ဖို့ အတွက် မေမေ့စကားအတိုင်း မျက်လုံးကိုဖွင့်…
နားအစုံကို စွင့်ထားခဲ့ပါတယ်….
ဒါပေမယ့်လည်း….ရင်ဘတ်ဟောင်းလောင်းနဲ့ ပေါ့မေမေ ရယ်….

စိတ်’ ဆိုတဲ့ ကံရေပြင်ကို ငြိမ်သက်သွားမှာကြောက်စိတ်တမျိုးနဲ့ …
ခဲတလုံးပြီး တလုံး မရိုးနိုင်အောင် ပစ်ချနေခဲ့သူဟာ….
သမီးကိုယ်တိုင်ပါပဲ မေမေ…
ငြိမ်သက်ခြင်းကထွက်ပေါ်လာမယ့် လေးနက်တဲ့ အသံထွက်တွေကို
သမီး ရင်မဆိုင်ရဲခဲ့ဘူး…

တခါတလေ ပေါ့…
ကမ်းခြေမဲ့သွားခဲ့ရတဲ့ လှိုင်းလုံးတလုံးလို…ပင်လယ်ထဲမှာပဲ တိမ်မြုပ်ပျောက်ဆုံးသွားချင်ခဲ့တော့တယ်….

ဘ၀ တစ်ခုကို ဆက်လက်ရပ်တည်ဖို့  မေးခွန်းတိုင်းကို အရေးတကြီးဖြေစရာလိုနေသလားမေမေ….???
သမီးမေးသမျှကိုလဲ ဖြေမနေပါနဲ့ တော့ မေမေရယ်…
ကိုယ်မလိုချင်တာတခုကို သူများကိုစွတ်ထိုးပေးရလောက်အောင်တော့လည်း..သမီးက မမိုက်မဲခဲ့ပါဘူး…

မျက်ရည်ကျရင် စိတ်အင်အားရှုံးတယ်…
ရှိုက်ငိုမိရင်တော့ လူအင်အားပါဆုံးရှုံးတယ်…
သမီးလဲ အခုတလော တလှည့်စီတော့ရှုံးတယ် မေမေရယ်…

“သမီးငယ်လေး ကိုယုံကြည်တယ် “ ဆိုတဲ့စကားကို ထပ်ဖန်တလဲလဲ မေမေ အသုံးပြုခဲ့တယ်…
မေမေသိပ်မှားတယ်..သမီးကတော့အခုချိန်ထိ မမှန်နိုင်ခဲ့သေးဘူး မေမေရဲ့ ….

တက်တခါ၊ကျတလှည့်နဲ့  ဘ၀ကိုဇယ်ခုတ်သလိုကစားဖို့ သမီးက အမြဲကြိုးစားတယ်…
ဘာကြောင့် ပေတစ်ရွက်လိုစိတ်ထား…သမီးကို မပေးထားခဲ့ရတာလဲ …

အမာရွတ်ဆိုပေမယ့်လည်း အထပ်ထပ်ခွါတော့ နာတယ် မေမေ….

အသိုက်မဲ့သွားတဲ့ နာကျင်မှုမျိုးနဲ့ အရောင်ခပ်လွင့်လွင့် ငှက်ကလေးတကောင်…
မေမေ့ နာမည်ကိုအော်ရင်း…သီချင်းတွေ ဆိုနေခဲ့တယ် မေမေ…
“ခလုတ်ထိလို့ အမိတတာ “ မဟုတ်ရပါဘူး မေမေရယ်…
“ မိသားစု” ဆိုတဲ့ စကားလုံးကို သမီးဘ၀မာတိကာမှာ ရှာမရတော့လို့ …
မေမေ များသိလိုသိငြား မေးမြန်းကြည့်ချင်ခဲ့တာပါ…

“ ဖန်တီးခဲ့သမျှက ဖျက်ဆီးပစ်ဖို့ လား ?? “ တဲ့…
တချို့ မေးခွန်းတွေက သမီးဥာဏ်မမှီလောက်အောင် ရင့်ကျက်တယ် မေမေ…
သမီးပြန်မဖြေဖြစ်ခဲ့ဘူး…
“ပျက်စီးသွားရတယ်” ဆိုတဲ့စကားက.. “ ဖျက်စီးလိုက်တယ် “ ဆိုတဲ့စကားထက်
အမာရွတ် နက်နက်တွေ ပေးတတ်မှန်း သူတို့ မသိတတ်လို့ သမီးကိုမေးတာ…
ထားလိုက်ပါ မေမေ..သမီးမဖြေချင်ခဲ့ဘူး…

လွန်ခဲ့သော လပေါင်း (၆၀) လောက်ကစလို့ နှုတ်ခမ်းနဲ့ မျက်လုံး သမီးခွဲ ပြုံးဖြစ်ခဲ့တာ…ကြာပြီမေမေ…
တချိန်တုန်းက မေမေ သိချင်ခဲ့တဲ့ အတုနဲ့ အစစ်ရဲ့ အကြောင်း အခုတော့ သမီးကောင်းကောင်းကြီး ပြောပြနိုင်နေခဲ့ပြီ…
မေမေ ဆူချင်ဆူ၊ရိုက်ချင်ရိုက်
သမီးကတော့ ဟန်ဆောင်တတ်ခဲ့ပါပေါ့ မေမေ…
ပုပ်အက်ကြေမွနေတဲ့ရင်ဘတ်ကြီးတခုလုံးပေါ်မှာခြေစုံရပ်ရင်း ..လူတကာကို လှလှပပလေး ပြုံးပြတတ်နေပြီ…..လေ…

လူတကာကို လိုက်ရှင်းပြနေရအောင်…
သမီးက အကြွင်းသုညမှ မဟုတ်တာပဲ မေမေ…
ဒီလိုနဲ့ ပဲ … လူတချို့ ရဲ့ ကောက်ချက်တွေထဲမှာ..
သမီးဟာ ခေါင်းမာသတဲ့ …
နောက်မှာ ခြေချစရာ မြေတနေရာမှ မကျန်နေခဲ့တော့လည်း
သမီးက နောက်မဆုတ်တတ်ခဲ့ဘူးလေ..မေမေ…

အချစ်ဆုံးသူတယောက်ကတိုက်ခဲ့တဲ့ အက်ဆစ်တခွက်ကို အပြုံးမပျက် သောက်ပြတတ်ခဲ့တဲ့
မေမေ့ရာဇ၀င်စာမျက်နှာတွေ…သမီးရင်ဘတ်ထဲမှာ
စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးမှတ်ထင်ကျန်နေဆဲပဲ မေမေ…
အရာရာကိုနားလည်စွာနဲ့ …ဘာကိုမှ နားမလည်သယောင်ပြုရင်း သမီးပြုံးပြတတ်ခဲ့ပါတယ်…
မေမေ့ အိပ်ရာဝင်ပုံပြင်တွေထဲ က ဗာရာဏသီပြည်ကြီးနဲ့ အဇာတသတ်မင်းသား ပုံပြင်ကြောင့်ပေါ့ မေမေ…
ဘယ်လိုပဲ ဖြစ်ပါစေ…သမီးက မေမေ့ကိုသိပ်ချစ်တတ်ခဲ့တဲ့ မအေတူသမီးတဲ့ မေမေ…
သမီး တစ်သက်နဲ့ တစ်ကိုယ် လူတွေပေးတဲ့ ကောက်ချက်တွေထဲက အမြတ်နိုးဆုံးစကားတရပ်ဖြစ်ခဲ့ပေါ့….

အကောင်းတစ်ဝက် ၊ အဆိုးတစ်ဝက်နဲ့ …လောကကြီးနဲ့ သမီးကတော့..
တော်တော့်ကို ဖက်ဆက်အချိုးကျနေခဲ့ပါပြီမေမေ….
မျက်လုံးအစုံကို မှိတ်ရင်း မေမေအိပ်စက်သွားသော ဆောင်းနှောင်းနေ့ လည်ခင်းတခုမှာကတည်းက…
သမီးထံက မေးခွန်းတွေ…ပျောက်ဆုံးသွားခဲ့တာကြာခဲ့ပါပြီ…
စိတ်ချပါတော့ မေမေရယ်…ကတိအတိုင်း
သမီးပြန်မပေးနိုင်သော အရာ…ဘာတခုမှ သူများဆီကမယူပါဘူး…
မေမေ ကိုယ်တိုင်ပျောက်ဆုံးသွားခဲ့တဲ့ လောကကြီးဆီက..
သမီးကို နားလည်ပေးမယ့် တစုံတရာ….
ဘာဆို ဘာကိုမှ လိုဘ မတောင့်တတော့ပါဘူး….
တချိန်ချိန်ပေါ့ မေမေ….
“ မိသားစု “ ဆိုတဲ့ စာလုံးတခုရဲ့ အဓိပ္ပါယ်ကို သမီးဘ၀မာတိကာမှာ ကိုယ်တိုင်ဖြည့်စွက်ခွင့် များ…ရလာတဲ့ အခါ….
………………………………………………………….။ ။

"မေမေ…"

မေမေ…
လှမ်းခေါ်မိလိုက်တဲ့…ခဏလေးမှာတင် လှစ်ကနဲပြုံး…
မေမေ့ ပါးကွက်လေးတဖက်ဟာ…သမီး တဘ၀လုံးပါပဲ...

ကျမ မေမေ ရယ်လေ…
ကိုယ် စိတ် နှလုံး သုံးပါးစလုံး… မရွှင်လန်း နိုင်ချိန်မှာတောင်…
မေမေ မျက်လုံး တွေ အမြဲ ပဲ ပြုံး နေခဲ့တယ်….
သားသမီးတိုင်းအတွက်…ထာဝစဉ်အင်အားပြည့်ဝ တဲ့ မျက်နှာပေးမျိုးနဲ့ 

ကျမ အောင်မြင်မှု အသေးအဖွားလေးများအတွက်…
အမြဲ အားပေး ဂုဏ်ယူနေတတ်တဲ့…မေမေ…
ကျမ ကျရှုံးချိန်တိုင်း…အမြဲနှစ်သိမ့်အားပေး တတ်တဲ့ ..မေမေ…
မေမေ့ ရင်ခွင်ထဲ တိုးဝှေ့ ချွှဲ မိ ချိန်တိုင်း…
ကျမ ကမေမေ့ အတွက်ထာဝရ ကလေးလေးတဲ့….လား ?

အခုတော့…မေမေ့… ကလေးလေးတယောက်
မဖြူစင်ကြတဲ့ ဒီလောက ရဲ့ …
ကမ်းလာတဲ့ လက်တွေ ကို ခါ ထုတ်….
တယောက်ထဲပဲ…မတ်တပ်စမ်းနေ ခဲ့တာ….
တခါတရံ တော့လဲ….အလဲလဲ အပြိုပြို….

ဟင့်အင်း…ကျမ ဘာကိုမှ စိတ်ပျက်နောင်တ မ ရ ပါဘူး….
မေမေ မွေးသော ကျမ ဟာ…မေမေ့ သမီးသာလျှင်ဖြစ်တယ်….

“လောကကြီး မှာကျမ အတွက်… ဘာမှ အဆင်သင့် မရှိပေမယ့်
ကျမ ယူ နိုင်ရင် ယူနိုင်သလောက် ရသတဲ့  “

ကျမ ပြိုယိုင်လဲကျ ချိန်တိုင်း…
မေမေ့ စကားသံတွေ ကိုပဲ နှလုံးသွင်းလို့ ..
လူမသိ..သူမသိ…
ကျမ ပြန်လည် ထူမတ် နိုင်ခဲ့တယ်….

မေမေ ဘယ်မှာ သေဆုံးလို့ လဲ…
မေမေ့ နှလုံးသွေးတွေ….ကျမ ရင်ဘတ်ထဲ…လှည့်ပတ်စီးဆင်းဆဲ…..

မေမေ ဘယ်မှာ သေဆုံးလို့ လဲ…
မေမေ့ အသိတရားတွေ..ကျမ ဦးနှောက်ထဲ…လှည့်လည် စီးဆင်းဆဲ….

“မေမေ” တဲ့
ကျမ ဘ၀ကို အမြင့်ပျံနိုင်ဖို့ …မှိုင်းတိုက်ပေးခဲ့တာ…
အဲ့ဒီ မေမေ့ မေတ္တာတွေ နဲ့ ပေါ့….

ဟောကြည့်….မေမေ ဘယ်မှာသေ ဆုံးလို့ လဲ….
ကျမ ရင်ထဲ ကနှလုံးသားထဲမှာ…

မေမေ အမြဲတမ်း… ပြုံးနေတုန်းပဲ……။.....။

နွေးနွေးသဲမွန်
၂၈ ဇန်န၀ါရီ ၂၀၀၉


(လွန်ခဲ့သော လပေါင်း (၆၀)ခန့် က စိတ်ချ လက်ချ ခွဲခွါသွားခဲ့သော..မေမေ့အတွက်)

နှလုံးသားထဲက
ပန်းတစ်ခင်း
ရင်နင့်အောင်သင်းခဲ့
လမင်းထက် လင်းလက်
ကောင်းကင်ထက် မြင့်တဲ့
အမေ......
ဒီလောက ကမ္ဘာမြေမှာ
ရှိရှိ သမျှ
အဖိုးထိုက်ရတာနာတွေနဲ့ ချိန်စက်
အရာအားလုံးတို့ထက်
အမေ့မေတ္တာ စေတနာ
ထာဝရ
ကိုးဆယ်ဆသာ...
(မောင်ယဉ်အောင်)

"...အတ္တပုံရိပ်.."

အတ္တများစွာ...ငါ့ကိုယ်ငါ ဗဟိုပြု...

ကြမ်းတမ်းစွာ ထုဆစ်ခဲ့ရတာ...

မာနတွေ အုပ်မိုး အရုပ်ဆိုးလိုက်တဲ့ ဥာဉ်...

ကိုယ့်လိပ်ပြာက


ဘယ်လိုမှ မလေးစားနိုင်တော့တဲ့အကြောင်း..


တနေ့ ကအကြောင်းကြားတယ်... 



ကိုယ့်ဒေါသနဲ့ ကိုယ်လဲ..

ကိုယ့်ကိုကို လမ်းဘေးပစ်ချခဲ့တာ အကြိမ်ကြိမ်..

ဒီလိုနဲ့ ..

အသားဆောင်ဖို့ ဆိုရင်း ...

ကိုယ့်ကိုကိုယ် ဆိုးပစ်လိုက်တဲ့ အရောင်ကိုက မှောင်လွန်းသွားခဲ့..

အမှန်ကိုက အမှားမှာ သာယာနေတတ်ကြတာ...


ကိုယ့်ရှေ့မှလာလာ ထွန်ကျူး နေကြတော့လည်း
ဘ၀နာတတ်လာတာသာ အဖတ်တင်..

ပြီးတော့တခါ...
မေတ္တာတရားအကြောင်း ကြားဖူးနားဝတွေ နှုတ်ခမ်းဖျားပေါ်တင်..

ကိုယ့်ကိုကိုယ်တင်မက

တစိမ်းတရံစာတွေကိုပါလိမ်ခဲ့မိတာ

အမှုကြီးသွားခဲ့..

နောင်တ ဆိုတာ ပလာစတာ ကပ်လို့ မရတဲ့ အနာမှန်း သိသိရက်...

မရည်ရွယ်ပဲ ဆိုတဲ့စကားနဲ့ ညာ....

ကိုယ့်လိပ်ပြာကိုယ်ရှက်တတ်လာသလိုရှိတယ်...



အဆုံးမှာ သတ်မိခဲ့သလိုရှိတာ ဆိုးပါတယ်..

ကိုယ့်ဒေါသနဲ့ ကိုယ်...


ဖြိုချလိုက်မိတဲ့ နံရံတွေ ဘယ်နှစ်ခု ဖြစ်သွားပြီလဲ...

အကာအကွယ်မဲ့ နေ့ ရက်တချို့ ထဲ...

ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမရတော့တာ ဆိုးပြန်တယ်...။ ။

အနားသတ် မှတ်ချက်..




အနယ်ထိုင်နေတဲ့...အလွမ်းတွေကို ဒီ ဘ၀ထဲက ခတ်ထုတ်ပစ်ခဲ့တယ်...

တော် ပါ ပြီ...

အချစ်ဆိုတာ လက်ပစ်ကူးတိုင်းလဲ ကောင်းတဲ့ ပင်လယ် လိုက်လို့ ...

ခက်ထန်မှုတွေနဲ့ ရင့်ကျက်မှုတွေကြား...ဘ၀က နှစ်ပိုင်းခြားသွားတယ်...

တချို့ လူတွေက အချစ်အတွက်နဲ့ အသက်ရှင်တယ်..
တချို့ လူတွေက အချစ်အတွက်နှစ်ဖက်ယှဉ်တယ်…

တချို့ ယောင်္ကျားတွေက ကွယ်ဝှက်တယ်....
တချို့ ယောင်္ကျားတွေက လိမ်တတ်တယ်..

တချို့ မိန်းမတွေက ငွေမက်တယ်...
တချို့ မိန်းမတွေက ပတ်ဝန်းကျင်အထင်ကြီးမှုကိုမက်တယ်...

သဘာဝတော့ သဘာဝပါပဲ..

ဒါပေမယ့်လည်း..

လေးစားလို့ မရတော့...တဲ့စကားတခွန်း အဆုံးမှာတင်...
ပတ်သက်မှုအားလုံး အမှောင်ဖုံးသွားတယ်...
.။ ။

;;