နေသားတကျ အလွမ်း....



တိုးတိုးတိတ်တိတ် အလွမ်းဟာ....
ဒီရင်ခွင်အနှံ့ အပြားမှာ နေသားတကျ...
ငါတို့ အပိုင်းပိုင်း အစစ လွင့်စင်ကြိုးပြတ်ခဲ့တာတောင်မှ လေ...

အသိသက်သေ မလိုဘူး..
တရားဝင်ပြဌာန်း ချက်တွေ မလိုဘူး...
ငါတို့ တယောက်ကိုတယောက် ...
အပြီးအပိုင်...ဆုံးရှုံးလိုက်ကြတယ်...


လေလံတင်စရာမလိုဘူး...
သိက္ခာဆင်စရာ မလိုဘူး...
ငါတို့ ချင်းဒီလောက်...
သန့် သန့် ရှင်းရှင်း ချစ်ခဲ့ဖူးတယ်ဆိုတာ...


ဒီရာသီမှာ လတ်တလောပွင့်တဲ့ပန်းတွေ...
ခဏကလေးနဲ့ နွမ်းတယ်...
နင့်ချစ်ခြင်းရာသီတွေ အကြောင်း..
ငါ့ဆီကြေငြာမောင်းမခတ်ပါနဲ့ ....
နင်ကြည်ဖြူမယ်ဆို...
ဘယ်လို "ရင်ခတ်ပန်း"ကိုမှ...
ဒီရင်ခွင်ကို ဖြတ်လှမ်းဖို့ ..ငါမငြင်းရက်ခဲ့ဘူး....

မလာပါနဲ့ လို့ ငါတားတတ်ခဲ့တာ...
နင်ပြန်သွားမှာ ရင်မဆိုင်ရဲလို့ ပါ...
နင်မရှိပေမယ့် ငါသိပါတယ်...
နင်မတားပေမယ့်...ငါကြားချင်ခဲ့...
နင့်ရဲ့ အဲ့ဒီ အရိပ်၊အငွေ့ ၊ အစွန်အဖျားလေးနဲ့ တင်...
ငါဟာ အရာအားလုံးကို ကျေနပ်တတ်ခဲ့တာ....

"ငါနင့်ကို မချစ်ဘူး...."
ဒါဟာ နောက်ဆုံးပေးခဲ့ဖူးတဲ့လက်ဆောင်ပဲ ဖြစ်မယ်...
နင့်စိတ်ချမ်းသာမှု အတွက်ဆို...
ငါနင့်ကိုမချစ်ဘူး............
ငါ
နင့်
ကို

ချစ်......ပါဘူး....

တယောက်မျက်ဝန်းအကြည့်တွေထဲ တခါကျပျောက်...
မျက်ရည်တွေနဲ့ လွမ်းခွင့် မရှိတော့အောင်...
ငါတို့ အဝေးဆုံးဝေးကွာကြပြီးတဲ့နောက်...
ရင်ခွင်ကို အမှောင်တိုက်သွင်းမယ့်...
အဲ့ဒီ...
ချစ်သူ့ အလင်းကျိန်စာတွေရဲ့ အောက်မှာ..... ။ ။

“…ချစ်သူနဲ့ ကျမ...“




ချစ်သူ ကပြောဖူးတယ်….
တော်ရာမှာ ပျော်အောင်နေတတ်ရမယ်တဲ့လေ…
ချစ်သူမကြားအောင် တိုးတိုးလေး သက်ပြင်းချခဲ့မိတယ်…
အဲ့ဒီတော်ရာမှာ မတော်တရော်တွေ အားလုံးနဲ့ မွန်းကျပ်နေကြတာ..
ချစ်သူမှ သိပါလေစကွယ်…

ချစ်သူက အနာဂတ်ကိုယုံကြည်တယ်…
ကျမက ပစ္စုပ္ပန်ကို ဖြတ်သန်းတယ်…
ပြီးတော့ တခုတ်တယ လုပ်ယူရတဲ့ တယုတယတွေကိုမုန်းတယ်….

ချစ်သူက ကျမ မိန်းမ မဆန်တဲ့အကြောင်း…
မကြာခဏပြောတယ်…
ကျမ က တော့ ချစ်သူဟာ ယောင်္ကျားဆန်သလားလို့ ..
တခါမှ မတွေးမိခဲ့ဘူး….
အဲ့ဒီလို…
တကူးတက တွေးယူပြီး တမင်တကာ အပြစ်ရှာရမှာကို မုန်းတယ်….

ကျမ ကသဘာဝရဲ့ ဖြစ်တည်မှုကို တန်ဖိုးထားတယ်…
ချစ်သူက လူသားတွေရဲ့ ဖန်တီးမှုကို တန်ဖိုးထားတယ်…
ဒါပေမယ့်….
ချစ်သူက ကျမကိုတန်ဖိုးထားသလို ကျမက ချစ်သူကို အလေးအနက်ထားတယ်….

ကျမက မျက်ဝန်းတစုံရဲ့ အကြည့်ကိုရင်ခုန်တယ်…
ချစ်သူက နှုတ်ခမ်းတစုံရဲ့ အထိအတွေ့ ကိုရင်ခုန်တယ်….
ဒီလို နဲ့ ကျမတို့ အချစ်အကြောင်းတွေ အတူတူ ဖွဲ့ နွဲ့ ခဲ့ကြဖူးတယ်….

ချစ်သူက အဆိုးတွေဟာ သူ့ အတွက် အကောင်းဖြစ်တယ်လို့ လက်ခံတယ်…
ကျမ အတွက်တော့ လူတွေသတ်မှတ်တဲ့ အကောင်းတွေ ကတခါတလေ ဆိုးဆိုးရွားရွား နိုင်နေတတ်တယ်…
ဒါကြောင့်…
ချစ်သူနဲ့ ကျမဟာ အကောင်းနဲ့ အဆိုးကို နာမည်မတပ်ပဲ ဝေမျှလက်ခံယူခဲ့ကြတယ်…။   ။



သံသယတွေ က..ငါတို့ ကြားမှာ အနေအထား ခက်စေတယ်...
နင်ဟာ ငါ့ရဲ့ တဦးတည်းသော ခိုလှုံရာလေး...
ဒါဟာ အလွယ်တကူ ပျက်ရွေ့ မသွားနိုင်တဲ့ ၀ါကျလေးတကြောင်းလဲ ဖြစ်တယ်...

အရောင်လွင့်နေတဲ့ ငါ့ဘ၀အတွက်..ဆေးရောင်လှလှ နင်ချယ်သခဲ့သလို....
တသက်မှာတခါ လို့ (ငါထင်တဲ့) နင့်အပြစ်တွေ အတွက်...
ငါ့နှလုံးသွေးတွေနဲ့ ဆေးကျောပေးခဲ့ဖူးတာ မမေ့ပါနဲ့ ....

ပတ်ဝန်းကျင်ဆိုတာ...ငါတို့ အတွက် တံတားတစင်းဖြစ်နိုင်သလို..
ပတ်ဝန်းကျင်ဆိုတာကပဲ...ငါတို့ ရင်ကိုထုတ်ချင်းခတ်မယ့် မျှားတစင်းဖြစ်လာနိုင်တာ
နင်တယောက် သတိမှရပါစလေ...

တခါတလေ နေသာချင်သာမယ်...
တခါတလေ မိုးရွာချင်ရွာမယ်....
တခါတလေ...
သံယောဇဉ်နဲ့ သိခဲ့တဲ့ အသိတွေကြားမှာ...
ထိထိခိုက်ခိုက်ဖြစ်မိတာလဲ ရှိမယ်...

တခါတလေ နင်သိတဲ့ ငါ့ရင်ဘတ်ထဲမှာ...
နင်မသိတဲ့ ငါ့ပုံရိပ်တွေ ရှိကောင်းရှိနေနိုင်လိမ့်မယ်...
ဒါပေမယ့် တခါတလေ…
အတုမရှိတဲ့ အစစ်တွေ ထက် အတုရှိတဲ့ အစစ်တွေ က
ပိုပြီး တန်ဖိုးတက် တတ်တာလဲ… နင်မေ့မေ့ပျောက်ပျောက်မထားပါနဲ့ ….

မျှော်လင့်ခြင်းဆိုတာ… အနာ မရှိပဲ ကြိုသောက်နေကြတဲ့ ကာကွယ်ဆေးလိုပဲ…
ထိရောက်တယ် ၊ မထိရောက်ဘူး..ဘယ်ပြောနိုင်ပါ့မလဲ…
ငါ့အတွက် တချို့ အနာဂတ်တွေ ဟာ.
.ပစ္စုပ္ပန် ဆီရောက်ရောက်လာတတ်ပြီး..
တချို့ အနာဂတ်တွေဟာ…
မျက်စိအောက် မှာတင် ..
ကျကျ ပျောက်သွားတတ်တာမျိုးလေ…

သေချာတယ်...
ငါဟာ တွယ်ချိတ်တချောင်း တော့ မဖြစ်ကောင်းခဲ့ပါဘူး...
မေတ္တာ တရားကို အထက် အောက်လွှဲမပေါင်းဖို့ ...
ရေနစ်သူ ၀ါးကူထိုးခဲ့တဲ့ ပုံမျိုး...
တမင်တကာ အရောင်ဆိုးခဲ့ရတာ …
အဲ့တာ……..
---------------ငါ………………..
………..မဟုတ်ဘူး.............
……………………………..
ဖြစ်နိုင်မယ်ဆိုရင် မလိုအပ်ပဲနဲ့ …ထပ်မညာပါနဲ့ …

ငါလဲ ကိုယ့်မာန နဲ့ ကိုယ် လင်းခဲ့ ချင်းခဲ့ ဖူးသူတယောက်ပဲ…

အမာရွတ် ဆိုပေမယ့်လည်း...
အထပ်ထပ်ခွါတော့ နာတယ်.......။ ။

;;