Memory of our day...


။ ။ ကျောင်းကင်တင်းတွင်..အမျိုးသမီးတယောက်နှင့်အတူ…ရယ်ကာ မောကာစကားပြောနေသောသူ့ 
ကိုမြင်လိုက်ရပင်လျှင် ကျမ ရင်ဘတ်ထဲက အပူလှိုင်းတမျိုးဖြတ်သန်းစီးဆင်းသွားခဲ့ သည်… တကယ်ရိုးသားစွာ စကားပြောနေကြခြင်းသာဖြစ်ပါသည် အထူးသဖြင့် ထိုအမျိုးသမီးငယ်သည် ကျမ၏ အချစ်ဆုံးသူငယ်ချင်းတယောက်ပင်ဖြစ်နေလျက်ကပင်…


သ၀န်တိုသည် ဆိုသည်မှာ ဤသို့ ပင်ထင့်… ကျမအတွက်တော့ အထူးတလယ် စိမ်းသော ခံစားမှု အသစ်တမျိုးပင်ဖြစ်သည်…
သူ့ မျက်ဝန်းအကြည့်တွေ အကုန် ကျမတယောက်ထဲသာ ပိုင်ဆိုင်လိုသည်…သူ့ အပြုံးတွေ အားလုံး ကျမအပိုင်သိမ်းထားလိုပါသည်…

နွယ်သာကီဆိုသော ကျမသည် သူ့ တယောက်တည်းအပေါ် ထိုသို့ ရူးမူးစွာ ချစ်မက်ခဲ့ဖူးသော မိန်းမငယ်တယောက် ဖြစ်ခဲ့ဖူးသည်မှာ…အခုချိန် ပြန်ပြောပြလျှင် ယုံကြည်နိုင်မည့်သူပင် မရှိနိုင်လောက်ပေ…


။ ။ ကျမနှင့် မောင် ရည်းစား သက်တမ်းတလျှောက်သည် မတူညီမှုများစွာ ဖြင့်သာ ဖွဲ့ တည်ခဲ့ရသည်…

ကျမ ကကော်ဖီကို ခုံမင်စွာ သောက်တတ်သူတယောက်ဖြစ်၍ မောင်ကတော့ အသားအရေ ညစ်သည်ဟူသောအစွဲ နှင့် ကော်ဖီကို သိပ်မသောက်…တတ်..အအေးမှာလျှင် မောင်နှစ်သက်တတ်သည်မှာ ကိုလာ သာဖြစ်နေတတ်သည်…

ကျောင်းပိတ်ရက် အိမ်မှာလွမ်းနေရသည့် အခါ ဂစ်တာတီးဖြစ်လျှင်တောင် ကျမမှာ သီချင်းစာသားကိုလွှဲ ဆိုရလေသည်…

“ ကော်ဖီကြိုက်တဲ့ အချစ်ရေ” အစား… ” ကိုလာ ကြိုက်တဲ့ အချစ်ရေ…အခုတော့ မင်းဘယ်မလဲ…” ဟု..

သူငယ်ချင်းများက ကြားမိလျှင်ကောင်းစွာ သြဘာပေးကြပါသည်… “ ပေါရဲလိုက်တာ” ဟူ၍…သာ..



။    ။ကျမက ကိုယ်ဘာကြိုက်လဲ ကိုယ်သိ၍ ကိုယ့်အကြိုက်ကို ဖေါ်ပြရန် သူများတွေအားပေးသိရန်
ဝန်မလေးသူတယောက်ဖြစ်သည်…

ဥပမာ အားဖြင့် ကျမ ဘာအရောင်ကြိုက်တတ်သည်.. ဘာအစားအစာ ကြိုက်တတ်သည်မှအစ

ကျမ ပတ်ဝန်းကျင်မှ သူငယ်ချင်းအများစု ခန့့်မှန်းနိုင်လောက်လေသည်…

မောင် ကတော့ ထိုသို့ မဟုတ်… အလွန်ပင် လျှို့ ဝှက်၊သိုဝှက်တတ်သော အကျင့်စရိုက်ကို ပိုင်ဆိုင်သည်…

မောင့်အချစ်ဆုံး သူငယ်ချင်းတွေမှ အစ ကျမလို မောင့် အပေါ် စိတ်ဝင်တစားရှိသော ချစ်သူ အဆုံး မောင့်အကြောင်း

မောင့် အကြိုက်ကို သိနိုင်ခွင့် အင်မတန် နည်းပါးခဲ့လေ သည်…

ထိုအနက်တွင်မှ မောင့် အနောက်မှ အမြဲ အရိပ်လိုလိုက်ပါနေသော ကျမတယောက်သာလျှင် မောင့်အရိပ်အကဲကို နားလည်နိုင်ဆုံးဖြစ်ပါလိမ့်မည်…

ကျမ နှင့် မောင် ၏တခုတည်းသော တူညီချက်မှာ သီချင်း နားထောင်ခြင်း သာဖြစ်သည်…

ကျမ ဆိုပြသော သီချင်းများကို မောင်သည် နှစ်သက်စွာ နားထောင်တတ်၍ … မောင့်အသံ ခပ်အေးအေးနှင့် ဆိုညဉ်းပြသော သီချင်းမှန်သမျှကို ကျမက သဘောကျ နှစ်ခြိုက်စွာ ခံစား နားဆင်တတ်ခဲ့သည်…

ထို့ ကြောင့် ကျမတို့ ဝေးကွာသွားခဲ့သည့်အချိန် မှ စ၍…ယနေ့ ထက်တိုင် ကျမတို့ နှစ်ယောက်ကြားမှာ အထင်ကရ အမှတ်တရ များမှာ…သီချင်းများသာ ဖြစ်ခဲ့ရပါသည်…


။ ။အလင်းမဲ့ နေ့ ရက်တရက်၏နောက်ပိုင်း…မောင့်ဆီမှကျမ လွှတ်မြောက်ရန် လိုအပ်လာပြီဟုယူဆမိခဲ့သည်…


“ မောင်… ဒီနှစ်တော့ မောင့်မွေးနေ့ မှာ ကျမ မောင့်နားမှာရှိနေနိုင်လိမ့်မှာ မဟုတ်ဘူး… အိမ်ကိစ္စတခုနဲ့ ခရီးသွားစရာရှိလို့ ..

မေမေ ကနေမကောင်းတော့ သူတယောက်တည်းလွှတ်လို့ မဖြစ်ဘူးလေ..ကျမကိုစိတ်မဆိုးနဲ့ နော်..မောင် “
“ ဟာ..ကီ မရှိလို့  ဘယ်ဖြစ်မလဲ…တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ် မောင့်မွေးနေ့ က ကျော်ကြီး မင်္ဂလာဆောင်မယ့်နေ့ လေ.. ကီ ပဲ သူတို့ ကိုသေသေချာချာ လာခဲ့ပါ့မယ် ပြောထားပြီးတော့..”
“ အို..ကျမ ခရီးလွန်နေတဲ့ဟာကိုပဲ မလာချင်လို့ မှ မဟုတ်တာမောင်..လောကမှာ ကိုယ့်ကိစ္စ ထက်အရေးကြီးတာ ဘာရှိလို့ လဲ..”
ပြောပြီးမှ မောင့်မျက်နှာပျက်သွားသည်ကိုကြည့်ရင်း..ကျမနောင်တ ရသွားခဲ့သည်…ဒီစကားဟာ မပြောလိုက်လဲ ရတဲ့ကိစ္စကို ..

ကျမ အဲ့ဒီ လို တကိုယ်ကောင်းဆန်တဲ့ စကားလုံးကြီးကြီးတွေ ရွေးသုံးတတ်သည်ကို မောင်က တစက်မှ မကြိုက်ပေ…


***ကျမမှာ အံ့ဘုန်းနေ ဆိုသောယောင်္ကျားတယောက်နှင့်ပတ်သက်သော နောင်တ များစွာ…အမှတ်တရအဖြစ်ရှိပါသည်…

နောက်ဆုံးတော့…မောင်နှင့်ပတ်သက်သော မျှော်လင့်ချက်များသည်… နောင်တများစွာ နှင့်ဖွဲ့ တည်ထားသော စိတ်ကူးသက်သက်များ

အဖြစ်…ကျမရင်ခွင် နေရာ အနှံ့ အပြား၌ ခွဲဖြာ လွင့်စင် ကျန်ရစ်ခဲ့လေသည်..***



@....@ “ သူတို့ လာနေပြီ နွယ်..”

သက်နှင်း ၏စကားသံ သည်..နွမ်းလျှစွာ ထိုင်နေမိသော ကျမ ခန္ဓာကိုယ်ကို အနည်းငယ် တည့်မတ်သွားစေသည်…

စားပွဲပေါ်တွင် အသင့်ထောင်ထားသော ကြည့်မှန်သေးသေးလေးဆီသို့ လှမ်းကြည့်လိုက်မိသည်..

အင်မတန် ကြည့်ကောင်းသော မြင်ကွင်းတခုဖြစ်ပါသည်… မျက်နှာနုနုလေးနှင့် မြန်မာဝတ်စုံကို ဖက်ရှင်ကျနစွာ ၀တ်ဆင်ထားသောအမျိုးသမီးလှလှလေးတဦး နှင့်အတူ…မောင် နှင့် သူ့ မေမေ ကယှဉ်ရက် လိုက်ပါလာသည်…

လက်ချင်းမတွဲထားသောလည်း အခြေအနေမှန်ကိုသိသာစေသော မြင်ကွင်းမျိုးပင်ဖြစ်သည်..

တစုံတရာ အတွက် ကျမကျေနပ်နေခဲ့ပါသည်… သတ်ကွင်းထဲသို့ လှမ်းဝင်လာသော မောင့်မျက်နှာပေးမှာ တစုံတရာအတွက် စိတ်ရှုပ်နေရသောပုံစံ ဖြစ်နေ၍ပေ…
ပြောထားသောစကား ကိုတည်တတ်သော ကျမ ကိုယုံကြည်သော မောင်သည်..ဒီနေ့ ပွဲ အတွက် ကျမမလာနိုင်ဟူသော စကားကိုလည်း ယုံကြည်ထားပေလိမ့်မည်…ဘယ်တုန်းကမှ ပွင့်လင်းမှုမရှိခဲ့သော မောင့် ထုံးစံအတိုင်း…ကီကီ သိရင် စိတ်ဆင်းရဲမှာစိုးလို့ 
ဟူသော မောင့် ဆင်ခြေ အတိုင်း… ဒီနေ့ ပွဲကို အတူယှဉ်တွဲတက်ခဲ့ကြောင်းကို ကျမပြန်မသိစေရန် သူငယ်ချင်းများကို နှုတ်ပိတ်စေဦးမည်…ဖြစ်သည်..
အခြေအနေပေါင်းစုံ၊အမူအယာ မျိုးစုံ တို့ ကို ကြိုတင်ပြင်ဆင်ထားခဲ့ပါလျှက်…ကျမ နှလုံးခုန်သံများကတော့ မူမမှန်ပါချေ…

အမှုမှတ်မဲ့ ဖြစ်ရမယ်…ခရီးသွားဟန်လွဲ ဖြစ်ရမယ်…စိတ်ထဲမှ တဖွဖွ ရွတ်ဆိုရင်း
မောင်ရှိရာဝိုင်းသို့ မကြာခဏ ခိုးခိုးကြည့်မိသည်…

ကြိုတင် ပြောထားသည့် အတိုင်း ကျမရှိရာ ချောင်ဘက်ဝိုင်းမှ အထွက်လမ်းနေရာမှ ၀ိုင်းတွင် မောင့်မေမေက နေရာယူထား၍…မောင့်ကိုတော့ ကျမနှင့် ကျောခိုင်းရက် အနေအထားတွင် ထိုင်စေသည်…

မသိ၍လား ၊ တမင်တကာလားတော့မသိ..ဘေးဝိုင်းမှ တွတ်ထိုးသံများက ကျမနားစည်ဝသို့ ခါးသက်စွာ တိုးဝင်လာသည်…

“ ဟိုဘက်ဝိုင်းက သတို့ သား သူငယ်ချင်းအတွဲ ကိုကြည့်စမ်း ဘယ်လောက် လိုက်ဖက်ညီလဲ…မိဘတွေ သဘောတူထားပြီးသားလေ…မကြာခင် စေ့စပ်တော့မှာ..ဒါနဲ့ များကောင်လေးက
သူ့ ထက်အသက်ကြီးတဲ့ မိန်းမတယောက်နဲ့ တွဲလိုက်သေးတယ်ကြားတယ်..
အခုတော့ဘယ်ရောက်သွားပြီလဲ မသိဘူး…ဟိုမိန်းမကလဲ ပညာတတ်ပါ ဒါပေမယ့် သိတယ်မှလား ပိုက်ဆံရှိလို့ ဒီကောင်လေးကို ကပ်တာနေမှာပေါ့…”

ရှင်တို့ ပြောတဲ့ သူ့ ထက်အသက်ကြီးတဲ့ မိန်းမ ဆိုတာဒီမှာလေ..ဟု အော်ဟစ်ပြီးပြောလိုက်ချင်သည်…

ကျမ ကိုမောင်တယောက်နောက်ဆုံးတွေ့ မြင်လိုက်ရသည့်အချိန်မှာ လှနေစေချင်၍ စိတ်လို လက်ရ ပြင်ဆင်လာခဲ့သော ဆံထုံးနှင့် မိတ်ကပ်များကို ချက်ချင်းဖျက်ပစ်ချင်မိသည်…

“ ငါ သွားလိုက်ဦးမယ် သက်နှင်း “ ကျမ အသံများ တုန်ရီနေသလား.. မဖြစ်ရပါ..

“ နွယ်..သူငယ်ချင်း…” လှမ်းခေါ်လိုက်သောလည်း သက်နှင်း ထံမှ ဘာအသံထွက်မှ ထပ်မကြားရတော့ပါ…

တလှမ်းချင်းလှမ်းသွားမိသော ခြေလှမ်းများကြားမှ ကမ္ဘာ့ဆွဲငင်အားမှာ အင်မတန်လေးလံလှပါသည်…

“ အံ့ဘုန်းနေ “

ခေါ်သံကြား၍ ယောင်ယမ်းမော့ကြည့်သော မောင့် မျက်ဝန်းများ မှာကျမအမည်မဖေါ်ချင်ခဲ့သော အရိပ်အယောင်များစွာဖြင့်…

“ ကီ..ဟို…ဒီနေ့ မလာနိုင်ဘူးဆို..ဟိုလေ…ကျွန်တော် တယောက်တည်းမလာချင်လို့ မေမေ့ကိုပါ…”

“သြော် သမီး..သာကီနွယ် ပါလား..ထိုင်လေ..”

“ ကျမ နာမည် နွယ်သာကီပါ အန်တီ..”

“ သြော်..အေး Sorryပါကွာ… သားကလည်းလေ… မေလေးကို ၀င်ခေါ်ချင်နေတာနဲ့ အန်တီတို့ ရောက်တာ နောက်ကျသွားတာ…မဟုတ်ရင်သမီးနဲ့ အတူလာထိုင်ပါတယ်…အခုတော့ ဒီအပြင်ဝိုင်းမှာပဲ နေရာရတော့တယ်လေ…”

ကျမအထင် မောင်သည် အမေတူသားမို့ ဟန်ဆောင်ကောင်းခဲ့ခြင်းဖြစ်မည်…ထင်သည်…

“ ဟုတ်ကဲ့ ကျမကလည်း မထင်မှတ်ပဲ ခရီးကစောရောက်လာလို့ လာလိုက်တာပါ အန်တီ…မထိုင်တော့ပါဘူး… အလုပ်ကလဲ မအားတော့ စောပြန်လိုက်တော့မယ်.. အံ့ဘုန်းနေ ရော ကျမကို ခွင့်ပြုပါဦးနော်..”

“ ကီ..ကျွန်တော်.. အိမ်ပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်…”

“ မဆက်နဲ့ တော့ အံ့ဘုန်းနေ ကျမ အခု တခါတည်း နှုတ်ဆက်ခဲ့တော့မယ်..ခု ညနေပဲ ကျမ ခရီးသွားတော့မှာ မို့ လေယာဉ်ကွင်းတန်းဆင်းတော့မှာ…အဆင်ပြေပါစေ…
ကျမ ကိုဖိတ်စာ ပို့ ဖို့ မမေ့နဲ့ နော်.. အန်တီ့ကိုလဲ ဂရုစိုက်..
ကဲ ညီမလေး လဲ နှုတ်ဆက်ခဲ့ပါတယ်… ကျမသွားပြီနော်..”

ဘာမှမသိသော အမျိုးသမီးငယ်လေး၏ အပြစ်ကင်းစင်သော အပြုံးမှာ ချိုမြိန်လှသည်…ကျမ ဘက်ကပြန်ပေးနိုင်လိုက်သော အပြုံးကရော..

တရားမျှတစွာ ချိုမြိန်ပါရဲ့ လား…ကျမ မသိနိုင်ခဲ့ပါ…သို့ သော် ထိုညီမငယ်လေးအား ကျမဘ၀တခုစာ မြတ်နိုးခဲ့ရသော မောင့်ရင်ခွင် အား တသက်တာအတွက် လက်ဆောင်အဖြစ်ပေးအပ်နှင်းခဲ့ပြီး ဖြစ်သည်…
မောင့် ၏ မွေးနေ့ ဖြစ်သော ဒီနေ့ တွင် မောင့်အတွက် ကျမပေးအပ်ခဲ့ သောလက်ဆောင်အား မောင်နှစ်လိုစွာ ကျေနပ်မည်လား…ကျမ ၏ပေးဆပ်မှု များသည် ပြီးပြည့်စုံနေသော မောင့်အတွက်တော့…အရာမရောက်ခဲ့သည်မှာ များပါသည်…  @....@

လောလောလတ်လတ်…ဘာကြောင့်ဟူသောမေးခွန်းများကို ကျမ အင်မတန် မုန်းပါသည်…

မေးခွန်းပေါင်းများစွာ အတွက် ကျမမှာ အဖြေမရှိ…

နှလုံးသား နံရံ မှာ ထင်ကျန်ရစ်ခဲ့သော မောင့်ခြေရာ များမှ အပ…အရာရာသည် ပြောင်းလဲခဲ့ ပြီး ဖြစ်သည်…
အချစ်သည်လည်း အမုန်းတရား အဖြစ်သို့ ပြောင်းလဲသွား၍ မောင့် ကို ကျမ လှလှပပ မုန်းခဲ့ ပါသည်…

အထူးသဖြင့် ယုံကြည်မှု နှင့် တန်ဖိုးထားတတ်မှုများသည်..ကျမ ထံမှ ပါးရှားစွာ ပျောက်ရှခဲ့ ရပြီးနောက်…


ကျမ ဘ၀၏ အမြင့်မားဆုံး မိုးတိမ် သည်…ကျမ ထံ မှ…ဝေးသည်ထက်အဝေးသို့ ...တစတစ …

...................................................
ရွေ့ လျှားသွားနေပြန်ပါတော့သည်…။ ။



နွေးနွေးသဲမွန်


၂ရက် မတ်လ ၂၀၁၀



( အပိုင်း ၃…မကြာမှီ )



ဝန်ခံချက်..။ ။ ဤ မိုးတိမ်ပုံပြင် အခန်းဆက်များမှာ ကျမ၏စိတ်ကူးသက်သက် ဖန်တီးမှု များသာဖြစ်၍ မည်သည့်မှီငြမ်းကိုးကားချက်မှ မရှိပါ…

;;