အပြည့်အ၀မဟုတ်ရင်...ဘာမှမလိုချင်ခဲ့ဘူး..
နင့်ရဲ့တချို.တ၀က်ချစ်ခြင်းတွေနဲ့တော့
ငါပျော်ခဲ့ဘူးတယ် ...

မလိုချင်တာလား ? မဟုတ်ဘူး
တခါတလေတော့လည်း..အံကြိတ်ပြီး
ငါငိုခဲ့ဖူးသားပဲ...

နင်မချစ်တဲ့ငါလေ...
နင့်ကိုဆက်ချစ်ခွင့်ရဖို.အတွက်ဆို..
အရာရာပေးဆပ်ခဲ.ဖူးတယ်..။

တကယ်တမ်းတော့နင့်ထားရစ်ခဲ့ခြင်းတွေ...

Green for neglected တဲ့
အဲဒီတုန်းက..
သဲ ကအစိမ်းရောင်နဲ.လိုက်တယ်..တဲ့
နင့်နှုတ်ခမ်းပါးက...
ဘာရယ်မသိဘူး
ငါရယ်နေလိုက်တယ်..။

ငါ့အတွက်နဲ.နောင်တမရပါနဲ.
နောင်တဆိုတာတွေငါမုန်းတယ်...
အတ္တ ကြီးတယ်ဆိုတာလဲ
အချိန်အခါနဲ.ပဲရွာလို.ရတဲ့မိုးပါ..
ငါသာ..ညိုချင်တိုင်းညိုခွင့်မရခဲ့တာ..

နင်ဟာ...ငယ်ငယ်တုန်းက
ကျောက်သင်ပုန်းပေါ်မှာငါပထမဆုံး
ရေးခွင့်ရခဲ့တဲ့ ၊၀၊ လုံးလေးပေါ့
မလှပခဲ့ပေမယ့်လည်း..
နိဒါန်းပျိုးတဲ့ငါ့ဥယျာဉ်...။

ပြုံးနေသေးလား ?

ငါစွဲလမ်းခဲ့တဲ့ နှုတ်ခမ်း
အိပ်မက်ထဲမှာတောင်...ထပ်နမ်းခွင့်မရှိခဲ့ဘူး
နေပါစေ..
ဆုံးဖြတ်ချက်တွေ..နေမ၀င်စေချင်ဘူး...
နင့်ရယ်သံတွေဟာ..ငါ့ကာရံတွေပါပဲ...

နင်စပ်ဆိုသွားတဲ့ဝေးကွာခြင်း......
ငါ့အတွက်သီချင်းမဖြစ်ခဲ့ပေမယ့်..

နင့်အတွက်ခင်း..နင်းဖြတ်ခဲ့ရတဲ့...
ကြမ်းပြင်တခု ဖြစ်ပါစေတော့...
ငါပျော်တယ်.....။

နင်မချစ်တော့လို့ ပြိုကျဖူးတာ...
ငါ့နေရာတခုပဲရှိပါတယ်...

ရင်တလှပ်လှပ်တွေငေးခြင်းတွေနဲ့ ...
နင့်ရင်ခွင်လေးကိုလွမ်းတယ်...

ဖေါချင်းသောခြင်း..ချစ်ခြင်းတွေထဲက...
တပိုင်းတစလောက်ဖြစ်ဖြစ် ထပ်မျှခဲ့ပါ...

ငါထပ်လဲမငိုချင်တော့ဘူး.....
တကယ်တော့နင်တရားပါတယ်...
ဘာမှမတောင်းဆိုတဲ့သူကို...
ဘာမှမပေးခဲ့တာ...နင့်အမှားမှမဟုတ်တာ.....။

ခဏ..ခဏ ကျ ကျပျောက်နေတတ်တဲ့...
သစွ့ာတရားတွေ...ငါလေ...အခု
သစွ့ာပန်းတောင်မမြင် ၀ံ့တော့ဘူး...

ဖြေရာမရတဲ့...မိုးစက်တွေက..ငါ့ရင်မှာခြွေ....
နေသာသလို..နေပါစေ....
နင်က ငါ့မျက်ရည်တွေကိုမှ...ဟားတိုက်တတ်သူ...

ဝေ နေတာမြင်ချင်တယ်တဲ့လား...???
အင်းလေ...ထပ်ကြွေဖို့ အင်အားလဲ..ငါ့မှာမရှိတော့ပါဘူး...
"နင်မပြတ်သားတာ"တဲ့
အခုရော.. ထပ်ပြောဖို့ စိတ်ထား...
နင့်မှာရှိသေးလား....?

စကားလုံးတွေပြတ်ပြတ်သားသား...
သုံးချင်ခဲ့တာ...နင်သာ...မျက်လုံးတွေနဲ့ 
စိုက်ကြည့်မနေရဲ ရင်...
အခုမှလဲ..မထူးတော့ပါဘူး...

ဘာသာပြန်မိခြင်းရဲ့ ရလဒ်က...
ငါသာ..နင့်အတွက်ဝန်ထုပ်ဝန်ပိုး တခု...
Platonic အချစ်တွေက...
နင်မသိတဲ့ခေါင်းဦးတခုပေါ်မှာ.......။

အစလွယ်ပြီး...အဆုံးမဲ့တဲ့...ကောင်လေးရေ...
သံယောဇဉ်တွေငဲ့ညှာ..."ငါ့ကိုမေ့လိုက်ပါ"..လို့ ပြောမထွက်တတ်တဲ့
နင့်စကားတခွန်းကြောင့်.............

ငါတို့ အကြိမ်ကြိမ်..မှားခဲ့ဖူးပြီ......
အပြစ်တွေဖြစ်ခဲ့....ပြီးပြီ.............

ခံရအခက်ဆုံး...လိမ်ခြင်းမျိုးနဲ့ .....
နင်ဆက်ပြီး.....အခံရခက်မနေစေချင်တော့ဘူး....
"ကိုယ့်ကိုကိုယ် လိမ်မနေနဲ့ တော့"

ပြောင်းလဲခြင်းတွေကို...လက်မခံ...
ပြက္ခဒိန်တွေကိုနောက်ပြန်ဆွဲမိတဲ့....
ငါတို့ နှစ်ယောက်ရဲ.အမှား....
အကောင်းဆုံးက....
နင်မနက်ဖြန်တွေထဲပဲသွားလိုက်တော့...

ငါ့စိတ်တောင်ငါ မယုံနိုင်တဲ့ အထိ
နင့်အတွက်..အလိုက်သိပေးချင်ခဲ့တယ်....

သေချာတယ်..
နင်ဟာ...ငါ့ ၀ဋ်
နေ့ စွဲအဟောင်းတွေ..ငါမပြင်နိုင်ပေမယ့်
နေ့ စွဲအသစ်တွေ..အတွက်မနာကျင်စေချင်ဘူး....

ငါကလေ........
အတိတ်တွေထဲမှာ..နေခဲ့မယ်...

အခုချိန်ထိ...ဘ၀မှာ...
ကံကြမ္မာ ကပေးတဲ့....အရက်စက်ဆုံး
ပြစ်ဒဏ်တခု ရှိပါတယ်...

လွန်ခဲ့လေ တဲ့ခုနှစ်တခုကတည်းက...
ငါလေ...နင့်သူငယ်ချင်း ဖြစ်ခဲ့ဖူးခြင်းပါပဲ....
ငါတို့ ကြား......ခါးခဲ့တယ်...........။




ပြောရမည် ဆိုလျှင် ဟိုစကားပုံ အတိုင်းဖြစ်ပါလိမ့်မည်…à “ကိုယ်ပေါင်ကိုယ်လှန်ထောင်း “
အဲ...ပြန်လှန်ရမည်ဆိုသည့် အဖြစ်ကတော့ နည်းနည်းရှက်ဖို့ ကောင်းပါသည်..(ဘောင်းဘီတိုဝတ်ထားမိလျှင်တော်သေးသည်) :-P
ဒါပေမယ့် လူစုံတုန်းရှင်းပြရဦးမည်…
တကယ်တော့ ကျမ သည် မစားရ ရှိပါစေ…အိပ်ရလျှင်ပြီးရော လူစားမျိုးဖြစ်ပါသည်…
ကျမ ရုံးတက်ချိန်သည် ၈နာရီဖြစ်၍ အိပ်ရာမှ ၇နာရီ တော်တော်ကျော်မှထပါသည်…
ဒါကို သိသွားသော ကျမ ၏ Personal Boss လေးသည် သူနှင့်စကြိုက်သည့် အချိန်မှစ၍ မနက် ၇နာရီတိုင်းဖုန်းဆက်
နှိုးပါတော့သည်… သူ ပထမဆုံးဖုန်းဆက်နှိုးသည့်နေ့ ကဆိုလျှင် ကျမ Alarm မှတ်၍ ထထ ပိတ်သည်မှာ ၃ခေါက်ခန့် ရှိမည်.. J
ကျမ လိုနူးနူးညံ့ညံ့ မပြောတတ် မနေတတ်သောမိန်းမ တယောက်ကို ပထမဆုံး ကဗျာဆန်ဆန် ချစ်သူ့ အသံနှင့် နှိုးထခွင့်ပေးခဲ့သူမှာ
သူဖြစ်ခဲ့ပါသည်… (ကျန်ခဲ့သောသူများ သည် ကျမ အကြောင်းသိ၍ ဘယ်သူမှအပင်ပန်းမခံကြပါ)
သူတယောက်ပဲ ကျမ ကိုစိတ်ရှည်ရှည်နှိုးနိုင်ပါသည်…ပထမတကြိမ်ဖုန်းခေါ်သည်…ကျမ က “၅မိနစ် ပဲ..၅မိနစ်ပဲ” ဟုပြောကာပြန်အိပ်သည်..
ဒီလို၅မိနစ် သုံးခါလောက်ပြန်ခေါ်ပြီးလျှင်တော့ ကျမ နိုးပါပြီ…
ဒီလိုနဲ့ ပဲ သူ့ အသံနှင့် နှိုးထ ရန် ကျမ ယှဉ်ပါးလာခဲ့သောတနေ့ တွင် ကျမ တို့ နှစ်ဦးခွဲ ရရန် အကြောင်းဖြစ်လာပါသည်…
ဒီလို နှင့်ပဲ တယောက်တနေရာစီဝေးသွားခဲ့တော့ ကျမ ရုံးချိန်တွေ နောက်ကျ သည်… ( Time Discrepancy Report ခဏ ခဏရောက်သည်)

သူမဆက်နိုင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ် တနေ့ ၃ခါ ဖုန်းဆက်ရာမှ ဖုန်းဘေ ၄၀၀ ကျော်ကျ သည်..
မျက်ရည်တဖက်..နှပ်ချေးတဖက် ထွက်ရပါသည်..
နောက်ဆုံး ကိုယ့်ဒေါသနှင့်ကိုယ် “ အတောင်ပံပါရင်မင်းဆီကို “ တော့သည် …
၃ ရက်ပိတ်လျှင် ၃ရက်ပြန်သည်၊ တပတ်ရလျှင်တပတ်ပြန်သည်….
(ထိုစားရိတ်တွေနှင့်ပင် ကျမတို့ မင်္ဂလာ၂ခါ ဆောင်၍ရနိုင်သည် :-P)

ဒုတိယ အခေါက်ကျမ ဒီပြန်ရောက်တော့.လွမ်းလွမ်းနဲ့ ဖုန်းထဲမှသီချင်းနားထောင်ရင်း Recording တခုကြားရသည်…
“ ကလေးလေး ထတော့ ၇နာရီထိုးပြီ…ကလေးလေး ထတော့ ၇နာရီထိုးပြီ…လေ” တဲ့… ဟိ…
ကျမ လဲ…ရယ်ချင်သွားတယ်…သူဘယ်တုန်းက ယူသွင်းပေးထားလဲတောင်မသိ…ဘူး…
ဘာပဲ ဖြစ်ဖြစ်ကျမ ကတော့ အဲ့ဒီအသံလေးနဲ့ ပဲ Alarm ပေးပြီး အိပ်စက်ခြင်းမှနိုးထပါတယ်…

အခုတော့ သူလဲ ကျမ အနားပြန်ရောက်နေပါပြီ… မို့ မို့  သီချင်းထဲကလို…
“ အရာရာ အဆင်ပြေနေပါပြီ… “ ပေါ့…
အခုတော့ ကျမလဲ …သူ ရဲ့ အသံအစစ်လေးနဲ့ ပဲ အိပ်ရာပြန်ထနေ ရပါပြီပေါ့… နော်…. ။ ။


ငယ်လေး ရဲ့ ကိုကြီး က တဂ်၍ ကြွားပါသည်… :-P…
တနည်း ကျမ ဘလော့လေးကိုလာလည်ကြသူ အပေါင်း စိတ်ဆင်းရဲ စရာတွေပဲ အမြဲတွေ့ နေ ဖတ်နေရသဖြင့်..ဤစာကို..
ရေးလိုက်ရပါကြောင်း…။ ။

နွေအိပ်မက်












နေခြည်ငွေ့ တွေနှင့် ဘယ်လိုပဲထွေးထွေး
ဒီအေးစက်စက် လမိုက်ညတွေ
ငါနဲ့ မဝေးနိုင်သေးဘူး…။

သန်းခေါင်ယံညဥ့်နက် အိပ်မက်တွေထဲ
ငါတယောက်တည်း
လူမသိ သူမသိ အထပ်ထပ် အခါခါ ရှုံးတယ်…။

“မင်္ဂလာပါ” လို့ တချိန် ကပြောတတ်ခဲ့ဖူးတဲ့
စကားသံချိုချို တချို့ …အပေါ်
မိန်းမကြီး တစ်ယောက်ရဲ့ မဲ့ပြုံးတွေက ဖုံးတယ်…။

ဒီလို နဲ့ ပဲ ငါ့ရင်ဘတ် တွေ
ပုလင်းကွဲ ရှ…
ငါ့ရဲ့  မစို့ မပို့ အိပ်မက်တွေလဲ မြောင်းထဲကျ…ခဲ့.။

အဆုံးသတ် ကတော့ လှပပါတယ်…
“ကျေးဇူးတင်ပါတယ်” လို့ ပြောတတ်ရုံလေး
အခါတော်ပေး တေးတပိုဒ် နဲ့…
ဒီရင်ခုန်သံတွေပေါ် လှလှပပ ခြေချနင်းသွားခဲ့
ငါ့ရဲ့  အဖြူရောင်တိမ်တိုက် တခု လဲမှုန်ဝါးသွားခဲ့…။

ဘာတဲ့ ဥစ္စာမဲ့ မာန တဲ့လား…
ကျမလေ ဟန်ဆောင်လို့ မှ ပြုံးမပြတတ်ခဲ့ဘူး…

တရံတခါတုန်းက…
"အို မေမေ ကလဲ…
နဂါးက ခဏခဏ အမောက်ထောင်ပြတော့
ပေါရဲ ပါတယ်..နော့…
ရေကန်အသင့် ကြာအသင့် ဘ၀ကလဲ
အောက်ကျနောက်ကျ နိုင်ပါတယ်…
ဟောဒီက ဒီလက်နှစ်ဘက်မြဲနေသရွှေ့ 
ကျမ လိုချင်တာ ကျမဘာသာယူလို့ ရနိုင်သားပဲ"

ကဲ ဒီအိပ်မက်တွေထဲ ချို့ ယွင်းချက် တခုခုတော့ရှိ ရမယ်…

မေမေ …
ဘယ်ဘ၀ ကနေ ဘာတွေ မေမေ စိုးရိမ်နေသလဲ…???
ဘယ်လေ တွေဘယ်လောက်တိုးတိုး
ဒီမှာ ကျမ မတ်မတ်ရပ် နေနိုင်တုန်းပဲ မေမေ…..။

တခုပဲ…တခုပဲ ကျမ ကို
စကားချိုချို တွေထပ်မသုံးခိုင်းပါနဲ့ တော့
မေမေ မသိနိုင်တော့တဲ့
လောက ရဲ့ ဒီဘက်ထဲက
အန္တရာယ် သိပ်များတယ်..မေမေ ရဲ့ 

ကျမ အဆိပ် မကင်းချင်သေးဘူး…။












“နာကျင်စေ တတ်ပါသလားးး...???
ဒီ အချစ်ဆိုတဲ့ အရာ ဘ၀ထဲ ထားစေ ခဲ့မိသမျှ...။
ကျေးဇူးပြု ၍ တစ်ဦးတလေ မျှ...ကျမအား
လိမ်၍ ဖြေ ပေးကြ ပါ...။
ကျမ သည် ဟန်ဆောင်ကောင်းတာမှန်ပါသော်လည်းးး
တူ တချောင်း၊ ပေတစ်ရွက် မဟုတ်သဖြင့်
တခါတလေ... တော့လည်း
နာကျင်တတ်ခဲ့ ပါသည်...။
အချစ် သည် အချစ်ဖြစ်၍
ဘ၀ သည် ဘ၀ ဖြစ်ပါသည်...
ထို့ ကြောင့်
အချစ်နှင့်ဘ၀ ကြား ကျမ နှစ်ခါ မခါးးလိုတော့ပါ....။
ကျမ သည် ညီမျှခြင်းတစ်ခု ကို ထာဝစဉ် ဖွေရှာနေတတ်သော
သာမာန် အတ္တ ကြီးသောမိန်းမ တစ်ယောက်ဖြစ်ပါသည်...။
နေသည် အရှေ့ အရပ်မှ ထွက်၍ အနောက်အရပ်သို့ 
ဝင်နေသရွှေ့ ...
ဘ၀ အဓိပါယ် တခုခု အား ကျမ ဖွေရှာနေဦးမည်...
ဘ၀ တစ်ခုအား စိတ်ဓါတ် တခုတည်းဖြင့်သာ
ထိန်းချုပ်နိုင်ပါလိမ့်မည်....
ထိုစိတ်သည် အချစ် ဆိုသော စိတ်တစ်ခုတည်းလား..
(လုံးဝ) မဖြစ်နိုင်ပါ…. “

ဤနေရာ တွင် ကျမ ပေထိုင်နေ မိသည်မှာ ၃ နာရီ မျှ ရှိပြီ…
အေးစက်သော ရာသီဥတု သည် မနှစ်မြို့ ဖွယ် ဆွံ့ အ နေသည်…
မနက် ၂နာရီခွဲ ဆိုသောအချိန်သည် မိန်ကလေး တယောက်တည်း လမ်းမဘေးခုံ တစ်နေရာတွင်
ပေတေ ထိုင်နေသင့်သော အချိန် မဟုတ်မှန်း ကျမ အသိဥာဏ် တွင်သိနေ နိုင်ပါသည်…
( အထူးသဖြင့် ကိုယ့် နိုင်ငံ မဟုတ် သော နယ်မြေခြားတစ်ခုမှာ)
သို့ ပေမယ့် အခြေအနေ နဲ့ အချိန် အခါ အကြောင်းကို တွေးတောချင်စိတ် ကျမ မှာ ကင်းမဲ့နေသည်…
ပြင် ပလေထု၏ အေးစက်စက် အထိအတွေ့ ကြောင့် ကျမ တကိုယ်လုံး အေးခဲလာသည်…
သို့ သော် ကျမ ဒီနေရာ မှ မထဖြစ်သေးပါ… အေးစက်နေ သော ကျမ ခန္ဓာကိုယ် နှင့် အတူ…
သူ့ ကိုချစ်မိခဲ့သော ကျမ နှလုံးသားကို ပါအေးခဲ သွားစေချင်သည်…၊ သူ အနားမှာ ရှိချိန်တိုင်း
နွေးထွေးနေတတ်သော ဒီဘယ်ဘက် ရင်ဘတ် အောက် က နှလုံးသား ကို ကျမ အလို မရှိချင်တော့ပါ…။

အချစ်သည် ဆန်းကျယ်ပါသည်…၊ ဒါပေမယ့် ဘ၀ သည် ပို၍ ဆန်းကျယ်ခဲ့သည်…
ကျမ အိပ် မက် မ မက်တတ်ပါ…၊ ကျမ အတွက် ဘ၀ သည် လက်တွေ့ နှင့် သာ ထပ်တူ ရှိသင့်ပါသည်…။
သူ သည် ကျမ ၏ အိပ်မက် နတ်သား တစ်ပါး မဟုတ်ပါ… ကျမတို့ နှစ်ဦး၏ တွေ့ ဆုံ ပုံသည်လည်း မဆန်းကျယ်ခဲ့ သလို
ဒဏ္ဌာရီလဲ မဆန် ခဲ့ပါ… ၊ ပြောရ မည်ဆိုလျှင် မတော် တဆ ကြုံကြိုက်မှု သာဖြစ်ခဲ့ပါသည်…။

သို့ သော် သူ သည် ထူးဆန်းစွာပင် ကျမ အား နေ့ အိပ်မက် များကို မက်တတ်စေခဲ့သူ…ဖြစ်ပါသည်…
သူ နှင့်ဆုံတွေ့ မှု သည် ဘယ်ရာသီမှန်း ကျမ သေချာ မသိနိုင်ခဲ့ပါ…ကျမ အမိနိုင်ငံ မဟုတ်၍ အလုပ်လုပ်ရမည်
ဆိုသော အသိအခုမှလွဲ ၍ ရာသီဥတုအကြောင်းလည်း…ကျမ စိတ်မ၀င်စားခဲ့ပါ…
သူနှင့် ကျမ တွေ့ ဆုံချိန်မှ စ၍ အခု အတူရှိနေချိန် အထိ ကျမ တို့ နှစ်ယောက်၏
တူညီမှု များသည် လက်ချိုးရေလျှင် တောင် လက်တစ်ဖက် ပြည့်မည် မထင်ပေ…
သို့ သော် အချစ်သည် ကျမ တို့ နှစ်ဦးကြားရှိ တစ်ခုတည်းသော သေချာသည့် တူညီခြင်းတခု ဖြစ်လိမ့်မည်ထင်သည်…။
ကျမ မကြာခဏ သူ့ အားပြောဖူးသည်…
“ ငါတို့ နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့ အရာရှိနေလို့ သာပဲ..မဟုတ်ရင် ငါတို့ နှစ်ယောက် အတူ ရှိနေမယ့် မနက်ဖြန်
ဆိုတာ ရှိနိုင်မှာ မဟုတ်တော့ဘူး”
ကျမ ကို သူ စိတ်ဆိုးပါသည်…၊ ကျမ ပြောသော ထိုစကား၏ အဓိပါယ် မှာ သူ့ ကိုကျမ က ချစ်နေပါ၍ တော်သေးသည် ဟူသော
အဓိပါယ်သက်ရောက်၍ သူကတော့ ထိုစကားကိုပင်နားလည်တတ်သူ မဟုတ်ခဲ့ပါ…
စကားချိုချို မပြောတတ်ခဲ့သော လူကြမ်းမ အဖြစ် ကျမ ကိုယ်ကျမ ပဲ အပြစ်တင်ခဲ့ပါသည်…။

ကျမ စကားပြောတတ်ပါသည်… သို့ ပေမယ့် သွယ်ဝိုက် မပြောတတ်ပါ…လူအများ သုံးနှုံးနေသော
အဖြူထည်မုသား ဆိုသော စကားကို နားမလည်ခဲ့တာဖြစ်သည်… ဘယ်နေရာ မဆို စိတ်မြန်တတ်သော
ကြောင့်လဲ ဖြစ်နိုင်ပါသည်…။

အတွေးတွေ တစစီလိုက်ကောက်ရင်းကပင်… အာရုံ တက်စရှိတော့မည်…
ခြေသံ ဖွဖွ ကျမ နောက်ကျောဘက်ဆီမှ ကြားမိသည်…
သူ ကျမဆီပြန်လာနေပြီ… သူ့ မျက်ဝန်းမှ တဆင့် သူ့ နာကျဉ်းချက်တွေကို သိနေတတ်ခြင်း၊
သူ့ ခြေသံကို အလွတ်ရနေတတ်ခြင်းသည် ကျမ ၏ ရှုံးနိမ့်မှု တခုဖြစ်ပါသည်…။

ကျမ ဘေးနေရာလွတ်တွင် သူအေးဆေးစွာ (ကျမနှင့် မထိမိစေရန် သတိထား၍)၀င်ထိုင်ပါသည်…
ကျမ အနားကပ်လိုက်လျှင် သူ့ နာကျင်သွားနိုင်ပါသည်လား… ( ယောင်္ကျားတယောက်၏ ပြန်ချော့စဉ် မာန တစ်ခုဖြစ်ပေမည်)
“ အိမ်ပေါ် တက်ကြရအောင် မိုးတော်တော်ချုပ်နေပြီ… မကြီး မအိပ်ပဲစောင့်နေတယ်” တိုးတိုးဖွဖွ သူပြောပါသည်…
ကျမ မချိပြုံး ပြုံးလိုက်မိသည်…နေရာ က မထဖြစ်ပါ….
သူကျမ ကိုမကြာခဏပြောပါသည်
“ ကိုယ့်မှာ မင်းနဲ့ ပတ်သက်ရင် ဘာမာန ရှိတာမင်းတွေ့ ဖူးသလဲ “ တဲ့…
ဒါဆို အခုပြောတဲ့စကားက သူ့ မာန မဟုတ်ဘူးတဲ့လား… မဖြစ်နိုင်ပါ…
“ ကိုယ် မင်းကိုစိတ်ပူလို့ လာခေါ်တာပါ…ကိုယ်လဲအိပ်ပျော်ဘူး…အိမ်ပေါ်တက်ရအောင် “
လို့ များ..သူဘာလို့ ပြောမထွက် ရတာပါလိမ့်…
တကယ်တော့ ဒါသည် အမှန်တရားတခုသာဖြစ်ပါသည်…။

အခုတော့ ကျမ ၏ အရွဲ့ တိုက်ချင်သောစိတ်ကလေး က ဖြစ်လာသည်…
“ မအိပ်သေးဘူးလား…သွားအိပ်လေ.. ငါ မအိပ်ချင်သေးလို့  ဆက်ထိုင်နေဦးမယ် …မကြီးကိုပြောလိုက်
လာခဲ့မယ် စိတ်မပူနဲ့ လို့ ” …
သူ့ မျက်နှာတည်သွားပါသည်…ထို့ နောက် ကျမ လက်ကိုအတင်းဆွဲ ၍ ထစေသည်…
အိုး…ကျမ ခြေထောက်တွေ ထုံကျင် ကိုက်ခဲနေလိုက်တာ…
ယောင်္ကျားပီသစွာ နိုင်ထက်စီးနင်းပြု တတ်သော ထို အပြုအမူ ကို ကျမ မုန်းပါသည်…
“ မလိုက်ဘူး “ ကျမ တခွန်းထဲပြန်အော်မိသည်…
………………………………………………………………………………………………………..
………………………………………………………………………………………………………..။

ကျမ လမ်းလျှောက် ထွက်လာခဲ့သည်…
သူနှင့်ဆန့် ကျင်ဘက် အရပ်သို့ ဖြစ်ပါသည်…
အရှေ့သည် မှောင်မိုက်သည်.. သို့ သော်…သူ၏ ရန်လိုတတ်သော မျက်ဝန်းများမရှိပါ…
ပြိုဆင်းလာသော မျက်ရည်များကြားမှ ကျမ အားတင်း၍ ပြုံးသည်…
Taxi တစီးတလေများ…တားလိုက်ရ ကောင်းမလား…သို့ သော် ကျမ မှာသွားစရာ နေရာမရှိပါ…
ဒီနိုင်ငံတွင် အိမ်ပေါ်ကဆင်း၍ တက်နေစရာ ဘယ်သူငယ်ချင်းအိမ်မှ မရှိပါ….

ကျမ သရဲ အလွန် ကြောက်တတ်ပါသည်..ခြေတလှမ်းရွေ့ မိတိုင်း ကိုယ့်ကိုကိုယ် အံ့သြနေမိသည်…
ဒီနေရာ ထိရောက်အောင် ဘယ်အရာကများ ကျမ ကိုတွန်းပို့ နိုင်ခဲ့ပါလိမ့်….သူ့ အပေါ် ပေါက်ကွဲ မိတဲ့
ဒေါသတွေက ပဲလား…

ဒီ အချိန်ဆို သူဘာလုပ်နေမှာလဲ… ခုန လာခေါ်တည်းက သူအရမ်းအိပ်ချင်နေပြီပဲ…အိပ်ရင်အိပ်နေလောက်ပြီပေါ့…
ဒါမှ မဟုတ် ကွန်ပြူတာရှေ့ ထိုင်၍ ကျမထွက်လာခါနီးက ရေးလက်စ ကဗျာတပိုဒ် ကိုဖတ်ချင်ဖတ်နေနိုင်သည်…
( ကျမ က ဘယ်ရည်းစားဟောင်းကိုတမ်းတ ရသလဲဟုဖတ်ပြီးလျှင် ပြဿနာရှာမည်) အို… ကျမ မတွေးချင်ပါ…
တဖြည်းဖြည်း ကျမ ခြေလှမ်းတွေ…နှေးကွေးလာသည်… မျက်ရည်တွေလဲ ခြောက်စပြုပြီ…ချမ်း၍ပဲလား ကြောက်၍ပဲလား…
ကျမ တကိုယ်လုံးတုန်လာသည်…

အခုမှ ပတ်ဝန်းကျင်ကိုကြည့်မိသည်…ကျမ အိမ်နှင့်တော်တော်ဝေးသောနေရာမှာရောက်နေခဲ့ပြီ…
Telecommunication အဆောက်အဦးတစ်ခု၏ရှေ့ နားဖြစ်သည်…အနောက်ဘက်တွင် ဘုံကျောင်းတစ်ခုရှိသည်…
ဒီနေရာက သရဲ ခြောက်တယ်ဟု ကျမအားသူ တခါ အတည် ပြောထားဖူးသည်…
ကျမ အနည်းငယ်သွေးပျက်လာသည်… ဖြတ်သွားဖြတ်လာ လူတွေရှိရင်ကောင်းမယ်… ဖြစ်နိုင်ခြေနည်းသော
မျှော်လင့်ချက်တခုဖြစ်မည်… အချိန် မှာ ၃နာရီ ၃၈ ဖြစ်နေပြီ…

ထိုစဉ် ဆိုင်ကယ်တစီး ကျမ၏ အနောက်နားတွင် လာရပ်သည်…
ကျမ အားတက်စွာလှမ်းကြည့်မိသည်… ပြီးမှ စိတ်ပျက်သွားသည်…
ကျမကြောက်သော “မလေး “တွေဖြစ်သည် ( အပေါ်ကျပ်အောက်ကျပ် အနက်ဝမ်းဆက်များနှင့် မျက်လုံးအနက်ချယ်ထားသော
မလေး လူမျိုးများကို ကျမကြောက်သည်..) သူတို့ သည် မည်သူ့ ကိုမျှဂရုမစိုက်သော ပုံစံများရှိတတ်၍ ကျမ က “မလေး “အပေအတေ များဟု ခေါ်သည်…လူကြီးလူကောင်းဆန်သော မလေးများလဲရှိပါသည်..။

ချက်ချင်း ကျမ ဖုံးပြန်ဖွင့်လိုက်မိသည်… Message တစ်ခုကိုတွေ့ သည်…
“ bar lop nay tar lal? A paw pyan tat cae top” တဲ့
ဒီလောက်ဆို ကျမအိမ်အောက်နားက ထွက်လာတာ သူ မသိလောက်သေးပေ… နောက်ကိုလှည့်ကြည့်မိတော့ ထို မလေး နှစ်ယောက်က
ဘလော့ တစ်ခုအောက်က ထိုင်ခုံမှာထိုင်၍ ကျမ ဘက်လှမ်းကြည့်နေသည်.. ကျမ ဖုန်းပြောချင်ယောင်ဆောင်၍ ဖုန်းနှင့်နားကပ်ထားပေမယ့် မလုံခြုံပါ…
ကျမ တကိုယ်လုံးလဲ ကြောက်၍ တဆတ်ဆတ်တုန်နေပြီ… ကဲ ဘယ်မှာလဲ ခေါင်းကျောမာတတ်တဲ့ ကျမ မာနတွေ…
ကျမ သူ့ ဆီ Message ပြန်ပို့ လိုက်သည်… “ pls come 2 here fast, as much as u can” ဘယ်နေရာလဲ မရေးလိုက်ရပါ…
သူချက်ချင်းဖုံးပြန်ခေါ်သည်..နေရာမေး၍ တောက်တချက်ခေါက်သည်… ချက်ချင်းပင် သူပြေးလာတာကိုလှမ်းမြင်လိုက်ရသည်…
(ကျမ ကိုနောက်နားက လှမ်းကြည့်နေရာမှ ထိုင်နေရာမှ ပျောက်သွား၍ လိုက်ရှာနေသည်မှာကြာပြီဟုပြောသည်)…။

ကျမ သူ ကိုတွေ့ တော့ပြေးဖက်မိသည်… သူကလည်းကျမ လက်တွေကို တင်းတင်းပြန်ဆုပ်ထားရင်းပြောသည်..
“ အေးစက်နေတာပဲ …မင်းကိုငါစိတ်နာတယ်သိလား.. မင်းတောင်းဆိုတဲ့အတိုင်း မင်းဘာလုပ်လုပ် ငါနဲ့ မဆိုင်သလို
နေလိုက်ရမှာ..ဒါပေမယ့် ငါကိုက မနေနိုင်ဘူး” …ဟင့်အင်း မလုပ်ပါနဲ့ ..ကျမ စိတ်တိုတုန်းခဏ ပြောမိတာပါ…

ကိုကို ဂရုမစိုက်တော့ရင် ကျမဘယ်လိုနေနိုင်မလဲ… အနည်းဆုံးတော့ ကျမ ဆိုးသမျှတွေ ကိုဆူဆူပြောပြောနဲ့ 
ခွင့်လွှတ်ပေးဖို့  ကိုကို ရှိနေရမယ်လေ…
တခါတလေ… ကျမ မိသားစု ကိစ္စ တွေမှာ မနိုင်ဝန်ထမ်းပြီး ၀င်ဖြေရှင်းပေးမိတိုင်း ကျမဘေးကနေ တခွန်းမှ မပြောပဲ
မငြီးမငြူ လိုက်လုပ်ပေးနိုင်တာ ကိုကို အပြင်ဘယ်သူရှိမှာလဲ…
အလုပ်ထဲ မှာပင်ပန်းလို့ ငြီးမိတဲ့ အခါ အနိုင်ကျင့်ပြီး အလုပ်တွေစွတ်ခိုင်းလို့ ပြောပြမိတဲ့အခါ….
“ ပြန်ပြောပါလား..မင်းကအိမ်ကျယ်လေ..အိမ်မှာသာ ငါ့ကိုပြန်ပြန်အော်တာ..သူများနဲ့ ကျ သူခံလာရတာချည်းပဲ “
လို့ ဆူပြောပြောရင်းပြန်ပြန် စ တတ်သေးတာ…
လူကနေ စက်ရုပ်တပိုင်းဖြစ်နေတဲ့ ကျမ ဘ၀မှာ ကိုကို ရှိနေလို့ သာ ကျမ အတွက် အဓိပါယ်ရှိနေသေးတာ…
ပျော်ရွှင်မှု ဆိုတာရှိနေသေးတာပါ….
ကျမ အရင်လိုပဲ ရူးချင်ယောင်ဆောင်ပြီး ကိုကို့ ရင်ခွင်ထဲမှာခေါင်းကိုဝှက်ထားလိုက်တယ်…
ကျမ အတွက် က အခုလို လုံခြုံ မှုမျိုး ကိုကို့ ရင်ခွင်မှာရှိနေရင်တော်ပါပြီ…
ကိုကို ဆူချင် ပြောချင်သလိုသာပြောပါစေတော့… ကိုကို ခဏခဏ မေးတတ်သလို
“ ကိုကို့ ရင်ခွင် က ကလေးအတွက် လုံခြုံရဲ့ လား” လို့ ဒီတခါ ကိုကိုမေးလာရင်တော့
ကျမ ၀စီပိတ် မနေပဲ ဖြေလိုက်တော့မယ်…
“ သေချာတာပေါ့ ကိုကို ရယ်” လို့ ……….။ ။

'လ နဲ့ ကြာ'










တကယ်တော့ အချစ်ဆိုတာ ချစ်ပြနေ ဖို့ မလိုပါဘူး..
ချစ်တတ်နေဖို့ သာ လိုတာပါ…
ငါ ဟာ နေ တစင်းလို ထွန်းလင်းတောက်ပ နေချင်ခဲ့ပေမယ့်
နင်နဲ့ သာဆို နေ နဲ့ လ မဖြစ်ချင်ပါဘူး
ကိုယ်ပိုင် အလင်းရောင် ကိုယ်စီပေမယ့်
နေ့ နဲ့ ည ရှိနေ သရွှေ့ 
တယောက်မျက်နှာ တယောက်ငေး ခွင့်မရှိတဲ့ ဘ၀မျိုးနဲ့ …။
အခုလို အေးမြတဲ့ မေတ္တာ ရိပ်နှင့်
နင် သာငါ့အနား တဖ၀ါးမကွာ
စောင့်ရှောက်နေဦး မယ်ဆိုရင်တော့
တင့်တယ်တဲ့ အပြုံး ၊ ရွှင်ပြုံးတဲ့ မျက်နှာနဲ့ 
ငါ ဟာ နင့်အတွက် ကြည်ပြာရောင် ကြာတစ်ပွင့် အဖြစ် ခံယူချင်ရဲ့ …
ငါ့ အတွက် အဆင်မသင့် ရင်တောင်
ထာဝစဉ် လိုက်ဖက်ညီမယ့် ဘ၀ မျိုးနဲ့ 
ငါတို့ နှစ်ဦး …..
'လ နဲ့ ကြာ' ပဲ ဖြစ်ကြ ရအောင်ပါ……။










ကျမ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နှစ်သက်မိတဲ့ ကဗျာလေး တစ်ပိုဒ်ပါ...
ကူးယူဖေါ်ပြတယ် ဆိုပေမယ့် သူငယ်ချင်းတွေကို ကျမ လွမ်းမိသလို မျှဝေခံစားစေချင်တဲ့ စိတ် အခံလေးနဲ့ မို့ ....
အခုလို ဆားချက်မိတာကို နားလည်ပေးကြပါလို့ ...


*မြစမ်းမျက်ရည်
တင်မိုး

ကိုယ့်နေရာ
သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။

မည်မျှ ကြီးမြင့်၊ မည်မျှ တင့်လည်း
မပွင့် နေခြည်၊ အုံ့မှိုင်းသည်သို့
မကြည်မွေ့ချေ၊ သူ့ရပ်မြေတည့်။

သူတို့ စကား၊ သူတို့ကြား၌
ပျားသို့ မချို၊ မှိုသို့ မလန်း၊ ပန်းသို့ မရွှင်
ကိုယ့်မိခင်ကို၊ တမြင်မြင်တမ်း၊ အစဉ်လွမ်းခဲ့။

ရေချမ်းစင်က၊ ရေကြည်မြကို
သောက်ရပေဖူး၊ သူ့ကျေးဇူးကို
အထူးသိလည်း၊ ဇာတိလွမ်းနာ၊ မဖြေသာခဲ့။

သူ့မြေမှာမူ
သာယာဘိခြင်း၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား၊ အသိသားပင်
တရားလက်ကိုင်၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။ ။

(၁၁၊ ၅၊ ၂၀၀၁)

ကိုယ်ပိုင်မွေးနေ့ 


ImageChef.com Poetry Blender

ဒီနေ့ ကျမ မွေးနေ့ ပေါ့.. မြန်မာသက္ကရာဇ် ၁၃၄၈ တပေါင်းလပြည့် ၁၅ ရက် ( ခရစ်နှစ် ၁၉၈၇ မတ်လ ၁၄ရက်)
အဲ့ဒီနေ့ မှာ အမေ့အတွက် ဘယ်လိုနာကျင်မှုမျိုးတွေ သယ်ဆောင်ပြီး ဒီလောကထဲ အလည်ရောက်လာခဲ့သလဲ
ကျမ မမှတ်မိတော့ပါဘူး…
ကျမ အတွက်တစ်နှစ်တစ် မျိုးတဖုံ စီနှင့် ရသစုံမွေးနေ့ ပေါင်း များ နှင့် ကြုံခဲ့ရတာ ၂၂ ကြိမ်တိုင်ခဲ့ပြီ…
ဒီနေ့ မှာခြေစုံရပ် ပြီးနောက်ကိုပြန်လှည့် ကြည့်မိတော့…ကျမ့ ဖေဖေ နဲ့ မတွေ့ ဖြစ်တာ ၇ နှစ်လောက်ရှိပြီး မေမေ နဲ့ လည်းတွေ့ ခွင့်မရတာလဲ ၄နှစ်ကျော်လောက် ကြာခဲ့ပြီ…
ဘ၀ထဲကို ကျမ ကိုယ်ကျမခြေစုံပစ်ဝင်ခဲ့ရတာလဲ ၄နှစ်ကျော်လောက်ရှိပြီဆို မှတော့…
ကျမ ၁၈နှစ်ပြည့်မွေးနေ့ မရောက်ခင်နှစ်လမှာပဲ မေမေ ခြေအစုံရှေ့ ကျမ
လက်စုံမိုးခွင့်မရတော့ တာဒီနေ့ ထိဆိုပါတော့…
ကျမဟာ ပေပေတေတေ စနေသမီးတယောက်ပေါ့…မရဏဖွားပီပီ အိမ်ကိုဘယ်လောက်ဒုက္ခပေးဖူးသလဲ
မမှတ်မိတော့… အခုတော့ ဆောင်းရာသီကို ပိုင်ဆိုင်ခွင့်မရတဲ့ကျမ....နွေရာသီ နှင့်မိုးရာသီတိုင်း
ကျမ မေမေ့ကို ထိထိရှရှလွမ်းတယ်…
တစုံတခု ကိုလက်ဆုပ်လက်ကိုင် ရရှိချိန်တိုင်း တစုံတရာကို နင့်နင့်နဲနဲ ပေးဆပ်ခဲ့ရတာ…
အဲ့ဒီလောက ဓမ္မတာနဲ့ ကျမ အချိန် တော်တော် ကြာကြာ ကျင့်သားမရခဲ့ဘူး…
ဒီသင်္ခန်းစာကို ကျေ ညက်မိချိန်များ..အပေးနဲ့ အယူပဲ ကျမ နှုတ်ဖျားမှာထားတတ်တော့
ကျမ ရဲ့ အစစ်မဟုတ်တဲ့ အချစ်တွေက ပစ်ပစ်နှစ်နှစ် ရှုံ့ ချတယ်…
ကျမ ကိုယ်ကျမ မေမေ့သမီးလို့ ဟစ်ကြွေးမိခဲ့ပေမယ့် အန္ဓလောကရဲ့ အတ္တတွေကြား ကျမ
မေ့မေ့လောက် သတ္တိမကောင်း နိုင်ခဲ့ပါဘူး…
ကျမ အမှားမကင်းခဲ့ပါ… အတ္တရဲ့ အထားအသိုလွဲ ခဲ့ချိန်များကျမ ကိုယ်ကျမ ခါးသီးခဲ့ရတယ်…
ဖြတ်သန်းခဲ့သမျှ အချိန်တွေ အကြားဆောင်းတစ်ရာသီ စာလောက် ကျမ လမ်းပျောက်နေခဲ့တယ်…
ကျမ အတွက်ကတော့ လမ်းပြကြယ်ကို တ’ ခွင့်မသာပါဘူး… ကျမ ခြေထောက်တွေ လမ်းများများ
လျှောက်နိုင်ဖို့ ကိုပဲဆုတောင်းနေခဲ့ရ တာပါ…
ကုန်လွန်ဖြတ်သန်းခဲ့ တဲ့အချိန်တွေဟာ အဓိပါယ် မဲ့ခဲ့ရင် ပြန်ပြောရင် ရယ်စရာတစ်ခုပါပဲ…
ဘာဆိုဘာမှ ဂဃနဏ မသိတဲ့ အချစ်အတွက် လဲကျမ ကတော့ တစ်ခါနှစ်ခါ သူရဲကောင်းလုပ်ခဲ့ဖူးတယ်…
နွေရာသီတွေ ဆောင်းရာသီတွေ မိုးရာသီတွေ ကျမ ရှေ့က မကြာခဏ ဖြတ်ဖြတ်လျှောက်သွားကြ
ကျမ မှာတော့ တခါတလေ ဟန်ဆောင်ပန်ဆောင်တောင် လက်မပြ နိုင်အားဘူး… စပရိန် မျက်နှာတွေ အကြား
ပါးတွေငြောင်းလောက်အောင်သွားဖြီးထားရ…ဒီလိုဘ၀ မျိုးနဲ့ ပဲ ဘ၀ အဓိပါယ်တွေ မှုန်ဝါးနေရ…ဒီကြားထဲ…
ဒီလိုနဲ့ ပဲ မဖွေရှာ မိသော အချစ်တခု ကျမဆီရောက်ရှိခဲ့… နေရောင်အောက်မှာလားးး..လ ရောင်အောက်မှာလားးး…
ကျမ မမှတ်မိခဲ့…. ထုံထိုင်းနေသော အတွေးစ များနှင့် နွေအိပ်မက် တခု ထပ်မက်မိခဲ့…
ကောင်းကင်တခု လွှင့်တင်လိုက်သလို တမျှော်တခေါ် မျှော်လင့်မိ ခဲ့သော်လည်း…. ထို အပြာရောင်သည် မဖြူစင်ခဲ့ပြန်ပါ…..
သက္ကရာဇ် တစ်ခုပြီးတစ်ခု ရွှေ့ ရှားသွားသည်နှင့် အမျှ ကျမ ၏ မျှော်လင့်တတ်မှု များသာ ပါးရှားလာခဲ့ သည်….
ကျမ သည် မျှော်လင့်ချက် မမဲ့သော်လည်းးး… ဆန္နတချို့ တလေမျှ မဖန်တီးမိတော့….ကံကိုယုံ၍ ဆူးပုံ မနင်းဖြစ်သလို …
အရိပ် အလာကိုလဲ နေပူထဲမှစောင့်၍ မနေနိုင်သဖြင့် သာမာန်ရပ်တည်မှု တခုအတွက် လှောင်ချိုင့်တစ်ခု အတွင်း ဘ၀အချိန်တချို့ ကို
ချိုးဖဲ့ပစ်သွင်း ထားမိသော မိန်းမငယ်တစ်ဦးသာဖြစ်ခဲ့ပါသည်…
တခါတရံ တော့ ကျမသည် လူအများဘောင်သွင်းထားသော ယဉ်ကျေးမှုဆိုသောအရာ ကို အမှုမဲ့တတ်သော
မိန်းမတယောက်ဖြစ် နေတတ်၍
တခါတရံ တော့ ကျမသည် ကျင့်ဝတ် တစ်ချို့ နှင့် အားပါးတရ ယဉ်ပါးနေတတ်သောမိန်းမ တယောက်ဖြစ်နေပြန်ပါသည်…
တခါတရံ တော့ လူအချို့ သည် ကျမအားခေါင်းခါ တတ်ကြ၍ တခါတရံတော့ ထိုသူများသည်ပင်လျှင် ကျမ အတွက်
ခေါင်ငြိမ့်တတ်ကြပြန်ပါသည်….
ထိုလူများကို ‘လောက’ဟုခေါ်ကြ၍ ထိုအပြုအမူ ကိုပင် ‘သဘာဝ’ဟုတွင်ကြလေသည်… ကျမ ဂဃနဏ မကျေညက်သောသင်္ခန်းစာဖြစ်လာပြန်သည်
မည်သို့ ပင်ဆိုစေ… ကျမ ရှင်သန်ဖြတ်သန်းခွင့်ရှိသော သက္ကရာဇ် တခုကတော့မှုန်ဝါးသွားပြန်ပါသည်….
ကျမ၏ရပ်တည်မှု များကတော့ မမှုန်ဝါးသလို ပြတ်လဲမပြတ်သား နိုင်ခဲ့ ပြန်ပါ…
ဘာပဲဖြစ်ဖြစ် ဒီနေ့ သည် ကျမပိုင်ဆိုင်သောမွေးနေ့ တစ်ရက်ဖြစ်ပါသည်...
အသက်တနှစ်ကြီးပြင်းလာသည်မှလွဲ၍ ကျမကိုယ်ကျမ မရင့်ကျက်နိုင်သေးသော
မိန်းမငယ် တယောက်အဖြစ် ခပ်ကျဲကျဲ ဝေဖန်မိပါသည်….။ ။

နောက်ကျမိုး







ပြောသမျှ စကားလုံးတွေက ရင်ထဲကိုစူးစူး စိုက်စိုက် တိုးဝင်တယ်..
နာကျင်အောင် ငြိုးနေ လေသလား…
ဘာသာမပြန်ခဲ့ မိတဲ့ အချစ်က နင့်နင့်နဲနဲ ခံရခက်စေခဲ့…
အချစ်ဆိုတဲ့ အရာက ငါ့အတွက်တော့ မိုးရာသီတွေကိုသာမွေးဖွားစေခဲ့…
တခါတလေ သိပ်သည်းသော လွမ်းဆွတ်မှုတွေနဲ့ …
ငါလေ….. တချိန်က
အခါလွန်မိုး အကြောင်းမသိတတ်ခဲ့ဘူးးး….
မင်းမျက်စောင်းဟာ ငါ့အတွက်
အကြောင်းသုံးပါးမရွေးခဲ့ပေမယ့်
ငါကတော့ တချိန်က အဲ့ဒီ အကြောင်းသုံးပါးစလုံး မှရွေးချစ်မိခဲ့တယ်…
နေတတ်ရင်တော့ ကျေနပ်စရာပါ မိုးရယ်…
ငါကတော့ မနေတတ်လို့  ပင်ပန်းနေရတယ်…
မင်းနဲ့ ပြန်တွေ့ ရင်ဆိုတဲ့ တချိန်က စိတ်ကူးတွေ အကုန်လုံး
စွယ်တော်ပင် တပင်အောက်မှာ ငါမြေမြုပ်ခဲ့ရပါ ပြီ…
မလိုအပ်ပဲ တူးဖေါ်မကြည့်ချင်ပါနဲ့ တော့ဟာ..
တကယ်ဆို ငါက စည်း’ သီချင်းတွေ မုန်းခဲ့သူပါ…
တနေ့ နေ့ မှာများ ပြန်ဆုံဖြစ်ခဲ့ ရင်တော့
အဲ့ဒီ့နေ့ ကို နွေ အရောင်ပဲပြောင်းထားချင်တယ်…
ငါတို့ ကြားမှာလဲ ဆွတ်စိုခြင်းတွေ ရှိနိုင်မှာမဟုတ်တော့တာကြောင့်ပါ…
ကိုယ့်မွေးနေ့ ကိုယ်မေ့နေတတ်ခဲ့တဲ့  ငါ့လိုနွေ မ ကို
တကူးတက သတိပေးတတ်တဲ့ နင့်သတိရတတ်ခြင်း တွေ
ဒီတခါနောက်ဆုံးပဲ ရချင်တော့တယ်…
ငါတို့ ခဏ တာဝေးတာမဟုတ်တော့တာကြောင့်ပါ…
ငါဟာ နင့်ဆီက မရနိုင်ခဲ့တဲ့ နူးညံ့မှုတွေကို မက်မောခဲ့မိသူတယောက်ပါ…
ဘယ်တော့မှ မဆုံနိုင်ခဲ့တဲ့ မျဉ်းပြိုင်နှစ်ကြောင်းအကြောင်း
ကဗျာပေါင်းများစွာမှာ ငါ အခါခါ ဖတ်ခဲ့ ဖူးပါရဲ့ …
အမြဲ တမ်းပြောနေကျ စကားပဲ ငါထပ်ပြောပါမယ်…
ငါကိုယ်တိုင် ရဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုး ကိုမှ
ငါဘယ်တုန်းက မှ နောင်တ မရတတ် သလို
အခုမှစ…ဘယ်တော့မှလဲ နောင်တ မရပါဘူးးး…မိုး
မေ့လိုက်ပါတော့ကွာ….။ ။










အသေအချာသော့ ခတ်ခံထားရတဲ့ အလွမ်းတွေနဲ့ 
ငါ့ ဘ၀ကိုချောင်ပိတ်ခဲ့ပြီလား…???
ဒီကျောပိုးအိတ်ထဲ
ဘာတွေထည့်ယူသွားရတော့မလဲ…
ကို့ ’ကို ယုယချစ်နေတဲ့
အချစ်တွေက ငေါင်စင်းစင်းနဲ့ 
တယောက်တည်းထားခဲ့တဲ့ နေ့ လည်ခင်း
သဲကန္တာရ ထဲလူးလိမ့်နေရသလို
အနေခက်လှတယ်…
ရေ တခွက်လောက်တိုက်ခဲ့ပါ…
“မင်းကို မချစ်ဘူး” လို့ 
ရေ တခွက်လောက်တိုက်ခဲ့ပါ…။ ။

ညီမလေး...အတွက်...












ကောင်မလေးရယ်...

အဲဒါရဲရင့်ခြင်းမဟုတ်ဘူး

မာယာတွေခင်းထားတဲ့လမ်းမို့ 

သွားဖို့ မသင့်တာ.......

ကိုယ်ချင်းမစာတာမဟုတ်ဘူး

ချစ်ခြင်းရဲ့ နွံမှာခြေ တဖက်ကျွံမိရင်...

ရှေ့ဆက်မယ့်ပန်းတိုင်မရောက်ပဲ

နောက်ကျန်ရစ်ရမှာ

ညီမလေး ရဲ့ ....။



တိုတောင်းတဲ့အပျိုစင် ဘ၀မှာ

မှန်ကန်တဲ့လမ်းကိုရောက်ဖို့ 

ရင်ခုန်သံတွေ ခဏချန်ထားရင်း

ပညာမာန်နဲ့  ခရီးဆက်ကွယ်...။



ဟော....ဟိုရှေ့မှာ

ရွှေရောင်လင်းတဲ့ အနာဂတ်နဲ့ 

ပုံသွင်းထုဆစ်

ဖွင့်လှစ်ရမယ့်...ဘ၀ သစ်လေ.....။

အလွမ်း


















အိပ်မက်မှာပင် လွမ်းရိပ်ထင်လည်း
မြင်ယောင်အိပ်မက် အလွမ်းခက်၏

အလွမ်းအိပ်မက် မနွမ်းသမျှ
သခင့်ဘ၀ တမ်းတမ်းတတ

လွမ်းမိရတဲ့ ကျမ အချစ်
အပြစ်ဖြစ်လျှင် ရှိပါစေတော့

သခင့် ဘ၀ စိမ်းမြ နေလျှင်
ကျမ အလွမ်း မနွမ်း သမျှ

ကျမ ထာဝရ လွမ်းနေပါရစေ…။ ။

;;