“အချစ်ဦးဖြစ်ခွင့် “
။ ။အဲ့ဒီနေ့ က မိုးပြာရောင် အကျီ င်္လေးနဲ့ အသဲအသန်မောင်းလာတဲ့ဆိုင်ကယ်ပေါ်က ခုန်ဆင်းလာတဲ့ကောင်လေးတယောက်ကို ကျမသာလိုက်ကြည့်မနေဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲကွယ်…
သူက ကျမတို့ ဝိုင်းကဖြတ်သွားပြီး ကျမတို့ နောက်ကသူ့  သူငယ်ချင်းတွေဝိုင်းမှာဝင်ထိုင်ပါတယ်..
“ မင်းတို့ ကောင်တွေ ငါ့ကိုတောင်မစောင့်ဘူးကွာ.. ရှာလိုက်ရတာ တောင်ထိပ်ဆိုတောင်ထိပ်
မူဆယ်ဆို မူဆယ်တော့ပြောသွားမှပေါ့ကွ..ဘယ်မှာလဲ ရည်းစားရတဲ့ ငတိ ရေမြေ့ရှင် ဒဂါကြီး “
“ နေဦးကွ လာလိမ့်မယ် ကောင်မလေးသူငယ်ချင်းတွေလဲ ပါမယ်လို့ ပြောတယ်..ဟီဟိ ငါတို့ ကောင်တွေ လဲ ပွပေါက်တိုးတာပေါ့ကွာ”
အနောက်ဝိုင်းက အသံများကို ကျမတို့ အတိုင်းသားကြားနေရသည်…ဟုတ်တော့ဟုတ်နေပါပြီ… မိငယ် ကလဲ မလာသေး
ဒီနေ့ သူတို့ အတွဲ အဆင်ပြေသည့်အထိန်းအမှတ်ဖြင့်ကျွေးသည့်ပွဲ ဖြစ်သည်.. ဒါပေမယ့် ကာယကံရှင်တွေ ကနောက်ကျလို့ နေသည်..
ဒါဆို နောက်ဝိုင်းက မိုးပြာရောင်နှင့် ဂျစ်တူးလေး က ငခန့် သူငယ်ချင်းပဲပေါ့…
“ဟာ ဟေ့ကောင်ခန့် ကြီး စောင့်လိုက်ရတာကွာ မင်းကလဲ ငါတို့ ဗိုက်ဆာနေပြီကွ.. အစားပြီးရင်လဲ လာရဦးမှာနော်..ဟေ့ကောင်
ဒါနဲ့ ငယ်ငယ် ဘယ်မှာလဲ နင့်သူငယ်ချင်းတွေ “
“ အာ ဒီမှာလေဟာ… “
“ ဟိုက် သွားပါပြီ… “
“ ဟားဟား ထားလိုက်ပါတော့ ငါတို့ က နင်တို့ ပြောတာတွေ မကြားပါဘူး ပတ်ဝန်းကျင်ကို ဘေးမဲ့လွှတ်ထားတာ..ဟုတ်တယ်နော် သူငယ်ချင်းတို့  “
“ ဟုတ်ပါတယ် ဟုတ်ပါတယ်.. “
“ ၀ါး..ဟုတ်ပါပြီဗျာ ဒါဆိုလဲ မိတ်ဆက်ပေးကြဦးလေ..”
ငယ်က ဦးဆောင်၍
“ အင်း ဒါက ငယ့်အချစ်ဆုံးသူငယ်ချင်းတွေ ငယ်တို့ နှစ်ယောက်တရားဝင်ရည်းစားဖြစ်ကြောင်း သက်သေခံပေးမယ့်သူတွေပေါ့..
ဒီဘက် က မိဂူး ၊ ဒါက မိဖြူ ၊ ဟိုအစွန်ကတယောက်က မိယု တဲ့ နာမည်အရှည်သိချင်ရင်တော့ နောက်တ၀ိုင်း ကျွေးရမယ့် လူဖြစ်သွားမယ်..”
သူ့ မျက်ဝန်းတွေက ကျမ ဆီသို့ အရောက်မှာ ရပ်တန့် သွားသည်… လှပ်ခနဲ ဖြစ်သွားသောရင်ခုန်သံကို ကျမကိုယ်တိုင် ပြန်ကြားမိခဲ့ရသလိုလို..( ဒါပေမယ့် မောင် ရယ်..အဲ့ဒီ့တုန်းက မောင့် အကြည့်တွေဟာ… အဝေးမှာကျန်ခဲ့တဲ့ မောင့် အချစ်ဦး ကောင်မလေးတယောက်နဲ့ ကျမ ပုံစံကဆင်နေလို့ ဆိုတာ ကြိုမသိခဲ့ရတာ ရင်နာလိုက်တာကွယ်)
“ဒါက ကျွန်တော့်သူငယ်ချင်းတွေ.. ဒီဘက်က ဖိုးသား ၊ဒီကောင်က ဝေယံ ၊ ဒါက တေမိ တဲ့ “
“ အမ် သူ့ နာမည်ကြီးကလဲ ဘာလို့ လဲ.”
“ ဘာလို့ ရမှာလဲ စကားမပြောလို့ ပေါ့ တနေ့ လုံးနေမှ တခွန်းနှစ်ခွန်းထွက်အောင် မနည်းပြောခိုင်းရတယ်..”
“သြော် ဂလုံလား ဟားဟား ဟား ခုနကတော့ ပြောနေသလိုပဲ “
“ အဲဒါ သူဒေါကန်လာလို့ ဗျ..အမ် ဒါဆို အမ တို့ က ကျုပ်တို့ ပြောနေတာတွေကြားတယ်ပေါ့ “
“ အာ ကြားဘူး ကြားဘူး ..”
“ ဟားဟား ဟား”
ကျမ တို့ တွေ အချိန်တိုလေးအတွင်းမှာပဲ အဖွဲ့ ကျသွားခဲ့ကြပါတယ်… ကျမ မျက်ဝန်းတွေက လဲ သူ့ ရှေ့မှောက်မှာ မကြာခဏ ချော်လဲလို့ ပေါ့.
“ယုယခင် တို့ ဖြူသွယ် တို့ အဖွဲ့ဘီယာဆိုင်တောင် ရောက်နေပါရောလား “
တဖက်ဝိုင်းက စကားသံကြောင့် ကျမ တို့ ဝိုင်းတိတ်ဆိတ်သွားသည်..
ဆတ်ဆတ်ကျဲ ငယ်ကပဲ စပြောသည်…
“ အေး ကိုယ့်အကြောင်းနဲ့ ကိုယ်လာတာ… ပါးစပ်တွေ ကိုယ့်ဘာကို ပိတ်ရင်ကောင်းမယ် ..လာပိတ်ပေးရမယ်ဆိုရင်တော့ တကျောင်းထဲသားတွေ မကောင်းတော့ဘူး “
ငယ်က စောင်းသလိုလိုနှင့် တည့်တည့်ပြောတော့သည်.. တကယ်ဆို သူတို့ က ကျမတို့ ကွန်ပြူတာ ကလူတွေ သေချာကတော့ ကျမတို့ လဲမသိ… ကျမတို့ အဖွဲ့ ကိုတော့ ကောင်းကောင်းသိပုံရသည်.. အခုလို ဂျီတီစီ ကျောင်းသားတွေနဲ့ တွဲ ထိုင်နေကြတာကိုလဲ အသဲနာပုံရသည်..
ငယ်ငယ် ကပြောတော့ ငခန့် က မနေတော့
“ ဟေ့ကောင်တွေ မင်းတို့ ဘာစကားပြောတာလဲ လူလိုပြောရင်ကောင်းမယ် မိန်းကလေးတွေကို နာမည်တပ်ပြီးတော့ မစော်ကားနဲ့ ”
“ ဟာ ဘာလဲကွ သူများခြံ ခုန်လာတဲ့နွားက အစောကြီး ကိုယ့်စားရိတ်နဲ့ ကိုယ်နေပါလား..အဲ့ဒါလေးတွေက ငါတို့ ပျိုးခင်းတွေ”
“ ဟာ မင်းသေချင်လို့ လား ကြာတယ်ကွာ”
…………………..###......................
>>>………………..<<<<
မထင်မှတ်ပဲ ရန်ပွဲ ထဖြစ်သည်.. စကားတခွန်းမှ မပြောပဲ ထိုင်နေသည့်သူက ရုတ်တရက် ထ၍ ဘာမှမပြောပဲ ထိုလူကို စထိုးသည်…
ကျမတို့ လဲ မဆွဲရဲ ကြ…
ရုတ်ရုတ်သဲသဲ ဖြစ်နေကြရာမှ ရှေ့ကလူကို မဲနေတဲ့သူ့ ဆီသို့ ပြေးဝင်လာသော အရိပ်တခု…
“မိယု….မသွားနဲ့ ”
ဂူဂူး၏ အော်သံ…
သို့ ပေမယ့် ကျမ သူ့ နောက်ကျောဆီသို့ ပြေးကပ်သွားမိသည်… အား…….. စူးရှသောနာကျင်မှု တခုနဲ့ အတူ ကျမ ဦးခေါင်းခွံတခုလုံးပြူတ်ထွက် သွားကြပြီဟု ခံစားမိသည်… ထို့ နောက်…ထို့ နောက်…..
……………………………………………………..။…………………………………………………………………………………..
“ မ …မ..သတိရပြီလား …”
“ ဟင်…… အင်းးးး..”
“ ဟာ တော်သေးတာပေါ့ မ ရယ် ကျွန်တော် တို့ တညလုံးစောင့်နေကြတာ ..နောက် တနာရီမှ မ သတိရမလာရင်
ရန်ကုန် ဆေးရုံထိ သွားရတော့မှာ”
“ အမ်..ဆေးရုံ… ဟင့်အင်း မသွားဘူး အခု အခု ယု ဘယ်မှာလဲဟင် “
“ အခု မသွားရတော့ ပါ ဘူး မ ရဲ့ ..အခုက ဆေးရုံအုပ်ကြီးရဲ့ အိမ်မှာလေ.. သူ့ ကို တောင်းပန်ပြီး ဒီကို တိုးတိုးတိတ်တိတ် လာခဲ့တာ..
ဆေးရုံ အထိသွားရင် ရန်ဖြစ်လာတာ ဆိုတော့ အမှုဖြစ်တော့မှာ “
“ အို တော်သေးတာပေါ့ … တေမိ အဲ သူဘာဖြစ်သွားသေးတာလဲ “
“ ကျွန်တော့်နာမည် အံ့မင်းညို ပါ မ .. သူငယ်ချင်းတွေက တော့ ဖိုးညို လို ပဲ့ခေါ်ကြတယ်..
ကျွန်တော် ဘာမှ မဖြစ်ပါဘူး ဒါပေမယ့် တော်တော် တော့ အံ့သြ သွားတယ်…ပြီးတော့
မ ကို မေးစရာ ရှိတယ် စိတ်မဆိုးဘူး ဆိုရင်လေ “
“ အင်.. မေးလေ..မေးပါ”
“ အာ ..အခု မမေးတော့ပါဘူးဗျာ.. မမ သေချာနေကောင်းသွားမှပဲ မေးတော့မယ်နော်..
အခု ကျွန်တော်တို့ အဆောင်ကို လိုက်ပို့ ပေးမယ်..
ညနေ အပြင်မထွက်နဲ့ တော့ ကျွန်တော်စားဖို့ လာပို့ ပေးမယ် မမ ဘာစားချင်လဲ ပြော”
အို သူ့ မျက်ဝန်းတွေက နူးညံ့လွန်းနေတယ်.. ကျမ ကံကောင်းလိုက်တာနော်.. ( တကယ်တော့ ကျမ ထက်ကံကောင်းနေတဲ့သူ သူ့ ရင်ဘတ်ထဲမှာ ပုန်းခိုနေခဲ့တယ် ဆိုတာ ကျမ မှ မသိခဲ့ရတာကွယ်)
“ မိဖြူ ငါ ဘာစားရင် ကောင်းမလဲ ဟင်… “
“ အေး မိယု ရယ် နင့်ခေါင်းကွဲထားတဲ့ ဒဏ်ရာနဲ့ မဟုတ်တာတွေ တော့ မပူစာနဲ့ နော်..
ခေတ်မှီ က ငါးရံ့ ဆံပြုတ်လေး သောက်ပါလား နင်ကြိုက်တယ်လေဟာ..နော်”
“ အင်းပါ ပြီးရော ဒါဆို ညို အဲ မောင်လေး မ ကို အဲ့ဒါပဲ ၀ယ်ပေးနော် “
“ရင်ခုန်သံတွေ မှားယွင်းခဲ့ သလား မောင်…
မောင်ပေးတဲ့ အိပ်မက်တွေ မှာသာယာပြီး…
မောင့်မျက်ဝန်းတွေ ကို ဘာသာမပြန်တတ်ခဲ့တဲ့ ကျမ အမှားပဲလား…
အမှန်တရားဆီကို သွားဖို့ ကျမ ခြေလှမ်းတွေ
မ နိုးထ ချင်ခဲ့ဘူး မောင်ရယ်… “
ညနေကျ တော့ သူ အဆောင်ကိုရောက်လာတယ် .. ညဘက် ၇ လမ်းထိပ်က နို့ ပူဆိုင်လေးမှာ ထိုင်ဖြစ်ကြတယ်…
ကျမရဲ့ ပထမဦးဆုံး ရင်ခုန်သံတွေကို နားလည်နေတဲ့ သူငယ်ချင်းတွေ က သူ့ အကြောင်းတွေ စုံစမ်းပေးမယ်လို့ ပဲ ပြောခဲ့ကြပါတယ်…
“ မ ကို ကျွန်တော် မေးမယ်နော်..ဒါပေမယ့် မ ဖြေချင်မှဖြေပါ “
“ အင်း…”
သူ့ နှုတ်ခမ်းပါး က ထွက်လာတဲ့ စကားသံတိုင်းကို ခေါင်းငြိမ့်တတ်ဖို့  ဘယ်လို တန်ခိုးရှင် ကများ ကျမ ကို ညို့ ယူထားခဲ့သလဲ…
“ မ အဲ့ဒီနေ့ က ဘာလို့ ကျွန်တော့် ကို ကာပေးခဲ့သလဲ ..တကယ်ဆို ကျွန်တော် က ယောင်္ကျားလေးပဲ.. မ မလုပ်သင့်ဘူး..
အဲ့ဒါကို သိလား “
“အင်း အမှန်အတိုင်း ပြောရမလား “
“ မ သဘောပါ “
“ ယု မသိဘူး… ရုတ်တရက် ကို ယု ဘာဖြစ်သွားမှန်း ကို ယု မသိတာ “
သူပြုံးတယ် ..အို သူ့ အပြုံး လေးက သိပ် Charming ဖြစ်တာပဲကွယ် … သူ့ သွား ညီညီလေးတွေ နဲ့ လိုက်ဖက်လွန်းတယ်..
“ သြော် ဒီလိုလား အိုခေ လေ…ထားလိုက်ပါတော့ ..ခန့် ကြီးတို့ အတွဲ တော့ တော်တော် အဆင်ပြေနေတာပဲ…
လိုက်ဖက်တယ်နော်… ငယ်ငယ် ကလဲ တော်တော် ချစ်ပုံရတယ်..ဒီကောင့်ကို “
“ အင်း ဟုတ်ပါ့ မိငယ် က အဆောင်မှာဆိုပြောပြောနေတာ နားတောင်ညီးတယ် “
“ မ ကလဲ ပြန်ကြွားပေါ့ မ ရည်းစား အကြောင်းတွေ “
“ အို ကြွားချင်တာတောင် ရှိမှ မရှိတာကိုး.. “
“ ဟားဟား ဟား … ကျွန်တော်ရှာပေးရမလား ကျွန်တော့် ဘော်ဒါတွေ တော့ မကြိုက်နဲ့ …
ကျောင်းက ဖဲဂျိုး တွေ တကောင်မှ မကောင်းဘူး… “
ရှာပေးစရာ လိုလို့ လားကွယ်… မောင့်အပြုံးတွေ ထဲ ကျဆုံးနေခဲ့ပြီးသား သူပေပဲ….
အဆောင် ပြန်ရောက်တော့ ငယ်က စိတ်မကောင်းတဲ့ မျက်ဝန်း နဲ့ မောင့် အကြောင်းတွေ ပြောပြတယ်…
မောင်က ရန်ကုန်သားဖြစ်ပြီး စာတော်တဲ့ အကြောင်း..မောင်တို့ ဂျီတီစီ ကျောင်းမှာလဲ မောင့်ကို ကြိုက်နေကြတဲ့ မိန်းကလေးပေါင်း များစွာရှိကြောင်း .. နောက်ဆုံးတခုကတော့ … မောင့် မှာ ဟိုးငယ်ငယ်လေးထဲ က သိပ်ချစ်ရတဲ့ အချစ်ဦး သူငယ်ချင်းချစ်သူကောင်မလေး တယောက်ရှိကြောင်း နဲ့ မောင် က သူ့ ကို သိပ်ချစ်တဲ့ အကြောင်းတွေ …ကို သူငယ်ချင်းတွေ အားလုံးကို ကြုံတိုင်းပြောပြတယ် ဆိုတဲ့ အကြောင်းတွေ…
“ အချစ်ဦးဖြစ်ခွင့် ဆိုတာ ဘုရားပေးတဲ့ ဆုလဒ် တခုလား …
ကျမ အခု သေဆုံးသွားချင်တယ် မောင်…
နောင် ဘ၀မှာ မောင့် အချစ်ဦး ဖြစ်ခွင့်ရမယ် ဆိုတဲ့ မျှော်လင့်ချက် တခုရှိရင်ပေါ့… “
ဘယ်လိုပဲ ဖြစ်ဖြစ် မောင် ကျမ အနားမှာ အမြဲရှိရှိ နေတတ်တယ်.. မောင့်ကျောင်း ကပြန်လာတိုင်း ကျမ တို့ ဆီကို မောင့်သူငယ်ချင်း
တွေနဲ့ အတူ ရောက်ရောက်နေခဲ့တာပေါ့…
ညဘက် ကျမ တို့ အဆောင်ကို ခန့် ကြီးတို့ ဂစ်တာလာတီးရင်မောင် ပါ ပါ လာတတ်ပြီလေ…
“ ကွန်ပြူတာ ကျောင်းဝင်းထဲက ကောင်မလေး သိပ်ချစ်လွန်းလို့ ငါလိုက်ငေး..
ခိုးခိုးပြီး တော့ အကြိမ်ကြိမ်ကြည့် သူလေတကယ်ကို မသိ…
…………..ဂျီတီစီ ကျောင်းသားလေးမို့ ရင်မှာ မအေး ငူငူ ငိုင်ငိုင်ဆွေး “
အခု Girl Band တခုက ဆိုထားတဲ့ “ ဆေးကျောင်းသား “ သီချင်း အလိုက်လေးပေါ့..အဲ့ဒီ့တုန်းကတော့ အခွေလဲ မထွက်သေးပါဘူး…
မောင်တို့ အဖွဲ့ ဘယ်က ရလာတယ်မသိဘူး .. ကျမ တို့ ရင်ခုန်ရတဲ့ သံစဉ်တွေ ပေါ့…
ပြီးတော့ မောင် က ဂစ်တာတီးပြီး ဒိုးလုံးရဲ့  “ ချစ်ဦးမေ “ သီချင်း ကိုဆိုတယ်…
“ ရင်ထဲ ကချစ်ဦးမေ ..ငါတမ်းတ သိပ်လွမ်းနေ မင်းရယ်သံ လေး..မင်းငိုသံလေး..
ငါပြန်ကြားနေ ဘာကြောင့်မို့ ငါလွမ်းဆွေးနေ… “
မောင် ကျမ ကိုသေအောင်သတ်နေတာလား.. သူငယ်ချင်းအားလုံးရဲ့ မျက်လုံးတွေက ကျမ ဆီမှာလေ..
ပြတင်းပေါက်နားမှာ သီချင်းနားထောင်နေကြရင်းက ကျမ ထိုင်ချ လိုက်မိတယ်…
သဲ လို့ မောင်ခေါ်တဲ့ မောင့်ကောင်မလေးကို မောင်က ကျမ ဘေးနားကနေ လွမ်းနေခဲ့တာပေါ့..နော်…။ ။
“ မ
စစ်ကျောရေးရုံးရှေ့ကိုရောက်တော့ မ ကို ကျွန်တော် သတိရသေးတယ်…
ပြုံးပန်းဝေ မှာ အအေးသောက်ဖြစ်ကြတယ်လေ…ပြီးတော့ မ တို့ တွေ အဆောင်ကို ပြန်မရောက်သေးတော့
ကျွန်တော် တို့ မင်းဧရာမှာ ပဲ ဂစ်တာသွားသွားတီးကြတယ်..
ကျွန်တော် တို့ အဖွဲ့ မအူပင်တံတားအောက်မှာ ရေ တွေဆော့ခဲ့ကြတာရော…
ငယ်ငယ် က ခန့် ကြီးကို စိတ်ကောက်လို့ တဖွဲ့ လုံးဝိုင်းချော့ခဲ့ကြရတာတွေ ရောပဲ …
ကျွန်တော်လဲသတိရပါတယ်…
မရဲ့ 
အံ့မင်းညို “
ကျမ တို့ ကျောင်းပိတ်ရက် အိမ်ပြန်သွားချိန် မောင့်ဆီကို စာတွေ တလှေကြီးရေးပြီးမှ ပြန်ရခဲ့တဲ့ တစောင်တည်းသောစာပါ…
မရဲ့ 
အံ့မင်းညို တဲ့လား…မောင်ရယ်…
ကံဆိုးစွာနဲ့ ကျမတို့ ကျောင်းဖွင့်ချိန်မှာ မောင်တို့ က စာမေးပွဲ ပြီးလို့ ပြန်သွားခဲ့ကြတယ်…
မောင်ရန်ကုန် ကို ပြန်နေတယ် ဆိုတဲ့အသိက ကျမ ရင်ကိုစူးတချောင်း စူးစိုက်နေသလို အခံရခက်လှပါတယ်…
“သဲ” ဆိုတဲ့ မောင့်အချစ်ဦးလေးက မောင်တို့ အိမ်နားလေးမှာပဲ နေသတဲ့…တရပ်ကွက်ထဲ ဆိုလား…
ခုဆို သင်္ကြန်လေ…မောင် ပျော်နေမှာပေါ့နော်… မောင် ပျော်ရွှင်ပါစေ…ကွယ်…
မြန်မာ့အသံက သတင်းမှာ ရန်ကုန်သင်္ကြန်အကြောင်း တွေ့ လိုက်ရတော့ မောင့်ကို ပိုလို့ သတိရတယ်..
မောင့်ကို များမြင်ရမလား လို့ လိုက်ရှာနေမိတယ်..ကျမ ရူးလိုက်တာနော် မောင်…
သဲသဲ ဆိုတဲ့ ကျမ နဲ့ ရုပ်ရည်ရော ခန္ဓာကိုယ် အချိုးအစားပါ ခပ်ဆင်ဆင် တူတယ်ဆိုတဲ့ မောင့်ကောင်မလေးလဲ…
အရမ်းပျော်နေမှာနော်…
ကျမ ကတော့ သင်္ကြန်နားနီးလို့ ပြန်ခါနီး မောင်လောင်းသွားတဲ့ ရေသန့် ဘူးထဲက ရေလေး တပေါက် နှစ်ပေါက်ကလွဲလို့ 
အစိုမခံတော့ပါဘူးကွယ်.. အပြင်ကို မထွက်လို့ သူငယ်ချင်းတွေ က မချင့်မရဲ ပြောပါတယ်…
“ နင်တော်တော် ရူးတာပဲ မိယု “ တဲ့…
ဟုတ်ပါတယ်လေ… ယုယခင် ဆိုတဲ့ မိန်းမ တယောက်ဟာ မောင်နဲ့ မတွေ့ ခင်အချိန်အထိတော့ ရူးသွပ်ခြင်းကင်းမဲ့ခဲ့ပါတယ်…မောင်။ ။
မောင့် ကို သင်္ချာရှင်းပြနေရင်းက မောင် က ကဂျီကဂျောင်ကျတယ်… လဘ္ဘသုတ်စားချင်တယ်တဲ့လေ…
ကျမ တို့ အဆောင်အောက်မှာက စာသင်ခန်းတခုရှိတော့ မောင်တို့ စာလာလုပ်လို့ ရတယ်..
သင်္ချာတချို့ အခန်းတွေကလဲ မောင်တို့ ကျောင်းနဲ့သင်ရိုးကတူတယ်လေ…
စာရှင်းနေရင်းက မောင့် မျက်နှာလေးကို သေချာကြည့်မိတယ်…မောင်က သိပ် အပြစ်ကင်းတာပဲကွယ်…
မျက်နှာလေးက ဂျစ်ကန်ကန် မှုန်တေတေလေးနဲ့ … စကားလဲ အရမ်းနည်းတယ်..
မောင်ရယ်.. မျက်စိရှေ့မှာ မြင်နေရက်ကကို..လွမ်းခဲ့ရတယ်…
သိပ်လှပတဲ့မျက်လှည့်တကွက်…
တသက်လုံး အပင်ပန်းခံ ရင်ကွဲအောင်ကခဲ့ ရတဲ့
ဇာတ်လမ်းတပိုဒ် မှာ
ငါဟာ မင်းသမီးတလက် မဟုတ်ခဲ့ဘူး…။
မကြေငြာပါနဲ့ 
တမင်ရင်နာခံ ပြီးတော့ကို
ငါ့ ကိုယ်ငါ လှည့်ထွက်ခဲ့တာပါ…
တစတစ ဝေးကွာသွားတဲ့
မှိင်တိုင်လေးများဆီမှ
မဆုံနိုင်ခြင်းဆိုတဲ့ ဝေါဟာရ
ပီပီသသ ကြားတယ်…။
မ မှန်တော့တာကလွဲ လို့ 
ငါတို့ မမှားခဲ့ကြပါ ချစ်သူရယ်…
ရင်တခု လုံးနဲ့ ထပ်လောင်း
ရှုံးခဲ့ရတဲ့ အကြောင်းတွေ ပြောပြမယ်…။
နာကျင်မှုခြင်းညီမျှ တောင်
တမင် ကခဲ့ရတဲ့ ဇာတ်တစ်ကွက်ပါ ချစ်သူ
ရင်ကွဲ ခံ ဇာတ်လမ်း အတွက်
ဟောဒီက ရင်ဘတ်တခြမ်းကလွဲ လို့ 
ဘယ်သူမှ ကြိုမလွမ်းခဲ့ရပါဘူး….။
တောင်းပန်တယ် ဆိုတဲ့စကားနဲ့ 
ကိုယ့်ကို ကိုယ်မကျိန်ဆဲပါနဲ့  ချစ်သူ
ယုတ္တိ မရှိတဲ့ အမှန်တရားတခု အတွက်
ခေါင်းမော့ရင်းတချက် ငါ ပြုံးပြခဲ့ချင်တယ်…။
နှလုံးသားတရာသီ စာလုံး ပျိုးခဲ့တဲ့
ချစ်ခြင်းအတွက် …
နာကျင်ခြင်းတစုံတရာ ထပ်ပေးခဲ့ပါ….ချစ်သူ
ငါကိုယ် ငါ …
မျှော်လင့်ခြင်းတွေ နဲ့ လိပ်ပြာခွဲတတ် စေ ဖို့ …လေ ...။ ။
ဒီလိုပါပဲ ..ဒီလိုနဲ့ ပဲ…ကျမတို့ ဝေးကွာခဲ့ကြတယ်…
“ ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့တဲ့ မ ကို ကျွန်တော် နားလည်ချင်ပါတယ်..
ဒါပေမယ့် ကျွန်တော် နားမလည်ခဲ့တော့ဘူး မ…
အချစ်ဆို တာ အရာဝတ္ထုတခုလို တနေရာကနေ တနေရာ အလွယ်တကူ လွှဲပြောင်းယူလို့ ရတဲ့ အရာ
မဟုတ်ခဲ့ဘူး မ ရယ်…မကို ချစ်ဖို့ ကြိုးစားမိတိုင်း သဲ မျက်နှာနုနုလေး က
ကျွန်တော့် မျက်ဝန်းထဲ ပြေးပြေးဝင်လာတယ်.. သူငယ်ချင်းတွေ ပြောသလို ကျွန်တော့် ဘက်က
မျှော်လင့်ချက်တွေ ပေးခဲ့ မိရင်ကျွန်တော့်ကို ခွင့်လွှတ်ပါ..မ ကို အပျော်တွဲ ခဲ့တဲ့ သဘောထားမျိုး
ကျွန်တော့်မှာ မရှိခဲ့ပါဘူး…”
မောင့်စကားသံတွေ က ဟိုးအဝေးကြီးက ပြောနေသလိုလို …တိုးသွားလိုက်…ကျယ်သွားလိုက်…
ကျမ မျက်ဝန်းတွေေ၀၀ါးလာခဲ့တယ်….
မောင်ရယ်…အချစ်ဆိုတာ ရှင်းပြဖို့ မလိုတဲ့ ဘာသာဗေဒ တခုပါ…
ကျမ မှာ မောင့်ကို ချစ်တယ် ဆိုတဲ့ အသိတခုကလွဲ လို့ ဘာမျှော်လင့်ချက် မှ မထားရဲ ခဲ့ပါဘူး…
ကျမ မောင့် ကို မြတ်မြတ် နိုးနိုး နဲ့ ချစ်တယ်…
မောင့်ရဲ့ အသိစိတ်ဓါတ် မောင့်ရဲ့ သစ္စာ ကိုသိရတော့ လေးစားမှုနဲ့ အတူ ပို ပို လို့ တောင်ချစ်သေးတယ်..မောင်ရယ်...
မောင့် မှာအပြစ်မရှိပါဘူးကွယ်... ကျမတို့ ရဲရဲ ရင့်ရင့်ဝေးလိုက်ကြပါစို့ ....
မောင်နဲ့ ဆုံခဲ့တဲ့ ဒီနေရာ ဒီမြို့ လေးကို သိပ်ချစ်တယ်... ပုဆိုးနက်ပြာလေးနဲ့ ခြေချောင်းသန့် သန့် လေးတွေ ကိုချစ်တယ်...
နောက်နောင် ဘ၀ တခုမှာများ မောင်နဲ့ ပြန်ဆုံဖြစ်ခဲ့ရင်...
မောင့်ရဲ့ " ချစ်ဦးမေ " သီချင်းလေးကို အပိုင်ရတဲ့သူတယောက် ဖြစ်ခွင့်ရချင်ပါရဲ့ ...မောင်ရယ်
…………………………………………...။ ။………………………………………….
ဝန်ခံချက် ။ ။ စာတိုက်မှ ကျမဆီသို့ လိပ်မူ၍ရောက်လာသော အမည်မသိသူအမျိုးသမီးတယောက်၏ ဒိုင်ယာရီအပေါ် ခံစားရေးဖွဲ့ ပါသည်... အမျိုးသမီး၏ မွေးသက္ကရာဇ်မှာ ၁၉ရက် မတ်လ ၁၉၈၄ ဖြစ်၍ အကြောင်းကြောင်းကြောင့် ဒိုင်ယာရီကို ပြန်ရယူလိုသော် ကျမ ကို ဆက်သွယ်နိုင်ပါသည့်အကြောင်း ။ ။ပေးပို့ သူအားလဲ ကျမ မသိပါ ။ ။
9 Comments:
  1. ချစ်ဝါ said...
    oh... nice post... really nice nyi ma lay.... :)
    ကိုလူထွေး said...
    တော်တော်အရေးကောင်းတာပဲ...
    အဆုံးအထိဆွဲခေါ်သွားတယ်...
    နောက်ပိုင်းမှာ ဒီအကြောင်းနဲ့
    ကတောက်ကဆ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့်
    စောစောစီးစီး လမ်းခွဲသွားတာပဲ ကောင်းမယ် ထင်ပါတယ်...
    ချစ်မိသူကတော့ ခံစားရသူပေါ့...
    "ဒိုင်ယာရီ" ကတော့ တကယ့် ပဟေဠိပါပဲ...
းဝ)
    Sein Lyan Tun said...
    ...ရှိပါစေတော့....
    နှုတ်မဆက်ဘဲ
    ခွဲခွာသွားပါ ချစ်သူ
    ငါ့ရင်ထဲက အချစ်
    မင်းသိဖို့မလို သလို
    ငါ့နှလုံးသားစကား
    မင်းမကြားလိုပါနဲ့ကွယ်
    ငါ့မျက်ဝန်းဘာသာ
    မင်းနားလည်တတ်ရင်
    ငါကျေနပ်တယ်
    ငါ့ခြေလှမ်းတွေလည်း
    စောင့်စည်းမှုနွံထဲ
    အခါခါ နစ်ရင်း
    ကျန်ရစ်ခဲ့ပါရစေတော့။
    ဖတ်ပြီးခံစားမိတာလေးကို ရေးချမိတယ် ညီမရေ...
    ဖတ်ရတာ အရသာရှိလိုက်တာ
    ချစ်ခင်စွာဖြင့်
    ဖိုးစိန်
    စိမ်း... said...
    မအူပင်ကွန်ပျူတာကပေါ့... အဆောင်နေတာဆိုတော့ မြို့ခံလည်း ဟုတ်ဘူး... အင်း စဉ်းစားစရာပဲ... မအူပင်မှာ ကွန်ပျူတာက ၂၀၀၃ မှ စဖွင့်တာထင်တယ်... ဒိုင်ယာရီထဲက အစ်မက ၂၀၀၃ မှာဆို ဒုတိယနှစ် တတိယနှစ်လောက်ရှိရော့မယ်... ပဟေဠိပဲ... ဟီး ဟီး စုံထောက်လိုလိုဘာလိုလို နည်းနည်းအရူးထသွားတယ်... ၇ လမ်းထိပ်က နို့ပူဆိုင်တော့ မသိဘူး ၃ လမ်းထဲက မုန့်တီဆိုင်ကတော့ ကောင်းတာသိတယ်... အင်ကြင်းဆောင်က ကော်ပြန့်ကြော်လည်း ကောင်းတာပဲ... ဟင့် ပဲမုန့်တောင် စားချင်လာပြီ... :((
    mae said...
    ကောင်းလိုက်တဲ့ ဝတ္တုလေး..
    လွမ်းသွားတယ်၊ စိတ်လဲ အရမ်းမကောင်းဖြစ်သွားတယ်၊ သူ နောက်တခါတော့ ကံကောင်းပါစေ..
    လင်းကြယ်ဖြူ said...
    စိတ်ဝင်စားစရာလေးပါပဲ..
    အရေးကောင်းတော့ ပို မြောက်သွားတာပေါ့နော..
    ပျော်ကြပါစေ ခင်ဗျာ
    မေဇင် said...
    ဖတ်လို့ကောင်းလိုက်တာ.....
    ရေတမာ said...
    ဖတ်လို့ကောင်းတယ်။ ချစ်သူတိုင်းဆုံဆည်းနိုင်ကြပါစေ
    Anonymous said...
    ချစ်သူတိုင်းဆုံကြပါစေ
Post a Comment