အလင်းမဲ့ကျိန်စာ.......










။ ၁ ။မျက်ရည်….မျက်ရည်တွေ…….ပါးပြင်ပေါ်လိမ့်ဆင်းလာသော အရာများကို ကျမ သရုပ်ခွဲနေမိသည်။ နောက်ထပ်….. နောက်ထပ်ရော…… ဘယ်နှစ်ကြိမ်……… ဘယ်နှစ်ခါ ကျမငိုရဦးမှာလဲ…… ကျမ မသိနိုင်ပါ။ ချစ်သောသူများနဲ့ ကွေ့ကွင်းရခြင်းကြောင့် ဒီမျက်ရည်တွေ ကျဆင်းလာသည်။ ပိုင်ဆိုင်မှုများ လက်လွတ်ဆုံးရှုံးမှာ ကြောက်သောစိတ်များဖြင့် ဒီမျက်ရည်များ ဖြစ်ပေါ်လာသည်။

။ ။ဟုတ်ပါသည်... ကျမဖေဖေနှင့် ကျမ သေကွဲမကွဲချင်ခဲ့ပါ။ ဖေဖေပေးသောအရိပ်နှင့် ကျမအေးမြနေချင်သေးသည်….. ရဲ့သမီး ဟူသော ဖေဖေ့အမည်နာမတစ်ခုနှင့် ကျမ၏၀ါသနာဂီတလမ်းကြောင်းတွင် ဆက်လျှောက်ချင်သေးသည်။ဖေဖေစပ်ပေးခဲ့သော သီချင်း ၊ ဖေဖေကျင့်ပေးခဲ့သောလက်သံချိုချိုကလေးများနှင့် ကျမသည် ၁၅ နှစ်ကာလလုံးလုံး ဖေဖေ့သမီးအဖြစ် ကျေနပ်ဂုဏ်ယူစွာ ရပ်တည်နိုင်ခဲ့ဖူးပါသည်။

ဘ၀ဟူသည် ကျေနပ်ဖွယ်ရာများနှင့်သာ ဖွဲ့တည်ထားခြင်းမဟုတ်ကြောင်း အပူအပင်ကင်းစွာ ကျူရှင်မှပြန်လာသောညတည တွင် ကျမ၏၀ရံတာလေးတွင် ကျမရှာဖွေတွေ့ရှိခဲ့ပါသည်။

အသံမထွက်သောရှိုက်ငိုခြင်းဖြင့် စတင်မိတ်ဖွဲ့ပေးခဲ့သူများမှာ… ၀ရံတာဘောင်တွင် အရုပ်ကြိုးပြတ်မှီနေသော စိတ်ဓါတ်မာကျော၍ အချစ်ကြီးသောမိန်းမဟု ကျမတို့မောင်နှမများ သတ်မှတ်ထားသော ကျမ၏မေမေနှင့် အိညှက် အိညှက်ဖြင့် ပွစိပွစိအမြဲပြောတတ်သော…(သို့ပေမယ့်… ထူးဆန်းစွာ သူမရှိလျှင် ကျမ မနေတတ်သော) ကျမ၏ တစ်ဦးတည်းသော မမဖြစ်ပါသည်။ သီချင်းသံများဖြင့် သာယာစွာစိုပြည်နေတတ်သော ကျမတို့၏ ဧည့်ခန်းကလေးသည်…. ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့သည်။ ကျမမေမေနှင့် မမ၏ နာကျင်နေသော မျက်ဝန်းများနှင့် ဆွံ့အနေသော ဧည့်ခန်းကလေးကို မယုံနိုင်စွာ ငေးကြည့်ရင်း ကျမ… ကြမ္မာဆိုးတစ်ခုကို အာရုံရလာသလို ကြောက်ရွံ့၍လာမိသည်။

ဟုတ်ကဲ့… ကျမဖေဖေကိုဟောခဲ့သော ဗေဒင်ဆရာ၏စကား မမှန်ခဲ့သော်လည်း ဆရာဝန်၏စကားကတော့ သွေးထွက်အောင်မှန်ခဲ့ပါသည်။

`ဖေဖေ့ကို စိတ်ချမ်းသာအောင်ထားပါ မီးငယ်လေးရယ်´ ဟုဆိုသော မေမေ့၏ ရှိုက်သံတချက်အဆုံး လေးလခန့်အကြာ ဆောင်းနှောင်းနေ့ရက်တစ်ခုတွင် ပါးလျသောနှင်းပွင့်များနှင့်အတူ ဖေဖေကျမတို့ ဘ၀ထဲမှ ထွက်ခွာသွားခဲ့ပါသည်။

ရှိုက်ငိုနေသော မေမေ့၏နံဘေးတွင် ကျမအားရပါးရမငိုခဲ့ပါ။ မေမေ့စိတ်ဓါတ်တွေ ပိုမိုယိမ်းယိုင်သွားမှာ ကြောက်မိလို့လဲ ဖြစ်နိုင်ပါသည်။ ကျမတို့တွင် အမေဟူသော ကျောက်တိုင်ရှိနေသေးသောကြောင့် လည်းဖြစ်နိုင်ပါသည်။



။ ၂ ။ မေမေပေးသော အင်အားများနှင့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျမ ချောမွေ့စွာ အောင်မြင်နိုင်ခဲ့သည်။ ကျမ၏မေမေသည် ကျမ၏ တစ်ခုတည်းသောကိုးကွယ်ရာ…. ကျမ၏သူရဲကောင်း… ကျမ၏ဘ၀တစ်ခု ပင် ဖြစ်ခဲ့ပါသည်။ `မိဘကိုလုပ်မကျွေးနိုင်သေးရင်တောင်မျက်ရည်ကျအောင်မလုပ်ဘူး´ဟူသော စကားကို နှလုံးသွင်းထားခဲ့သော်လည်း ကျမကြောင့် မေမေတစ်ကြိမ်တစ်ခါ မျက်ရည်ကျဖူးပါသည်။



တက်ကြွ၍စွန့်စားလိုသော ဆယ်ကျော်သက်သမီးတစ်ယောက်ရဲ့ဆန္ဒအား မချိုှးနှိမ်ရက်သော မေမေသည် `၁၆ နှစ်လုံးလုံး မေမေနဲ့တစ်ခါမှ ခွဲမအိပ်ဖူးတဲ့ မေ့သမီးငယ်လေး…. လိမ်လိမ်မာမာနေနော်´ ဆိုသောစကားကို မျက်ရည်ဖြင့် ဆိုခဲ့ဖူးသည်။

နယ်မှာကျောင်းသွားတက်သော သမီးငယ်၏ကျောင်းပိတ်ရက်များသည် မေမေ့ရင်ခွင်ကို ပိုလွမ်းတတ်စေလာခဲ့သည်။

`သမီးလေ… ဘယ်လောက်အဝေးကြီူးကနေ ပင်ပင်ပန်းပန်းပြန်လာလာ မေမေ့ရဲ့သနပ်ခါးအဖွေးသားနဲ့ အပြုံးမျက်နှာကိုတွေ့လိုက်ရရင် လုံးဝကို မောရကောင်းမှန်းမသိဘူး သိလား´
အငယ်ဆုံးသမီးပီပီ ချွဲနွဲ့တတ်သော ကျမကို ပြုံး၍ကြည့်နေသော မေမေသည် ကျမ၏ မိခင်ကောင်းတစ်ယောက်ဖြစ်သလို သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါသည်။
`မေမေရာ… ငယ်ငယ်ကတည်းက မေမေကလုံးဝ Opening System ကျင့်သုံးထားတော့ ခုသမီး… တနေ့လုံးလုပ်ခဲ့သမျှတွေ တစ်ယောက်ယောက်ကို ပြန်ပြီးမပြောရရင် မနေနိုင်ဘူး.. ခိုင်ဇင်က သမီးနဲ့ တခန်းထဲနေရတာ စိတ်ညစ်နေလောက်ပြီသိလား´

ကျမပါးပြင်ပေါ် ပါးကွက်ကွက်ပေးနေသောမေမေကပြုံး၍

`သြော်….မီးငယ်လေးရယ်…တပတ်လုံးစာစုထား…မေမေနဲ့မမကိုတွေ့မှ ပြောပေါ့´တဲ့။

။ ။ကားဂိတ်လိုက်မပို့၍စိတ်ကောက်နေသော ဒုတိယနှစ်ကျောင်းသူအသစ်စက်စက်လေး ကျမကို မေမေက ၀ရံတာတွင် တိုးတိုးတိတ်တိတ်ချော့ပါသည်။
`မီးငယ်လေး….မေမေကလိုက်ပို့ချင်ပါတယ်…နေလည်းကောင်းပါတယ်..သမီးမမက ပူညံပူညံနဲ့ စိတ်ပူပြီးမပို့ခိုင်းလို့ပါ´တဲ့။ မေမေပေးသော မုန့်ဖိုးငွေတစ်ထပ်ကိုယူ၍ ကျမ ကျေစေ အေးစေ လုပ်ခဲ့ပါသည်။

။ ။ဒီနေ့ ကျမတို့၏ကျောင်းပြန်ဖွင့်ရက်…ပထမတစ်နှစ်လုံး လက်တွဲညီခဲ့ကြသော ကျမတို့သူငယ်ချင်း လေးယောက် အဆောင်တွင်ဝုန်းဒိုင်းကြဲ အလှပြင်နေခဲ့ကြသည်။ အဖြူတွေအပြာတွေဆင်တူနှင့် ခြေလှမ်းညီညီထွက်ခဲ့ကြသော ကျမတို့တွေ အဆောင်ပြင်သို့အရောက်….
`ထူးမြတ်ရေ…ဖုန်းလာတယ်´

`နင်တို့ဆိုင်ကယ်တွေသွားနှင့် ငါ Canteen လိုက်ခဲ့မယ် နောက်မှ…..´

ကျမ၏ `နောက်မှ´ဆိုသောအချိန်သည် မေမေ့၏လလည်ဆွမ်းကပ်ပြီး နောက်နေ့မှဖြစ်ခဲ့ပါသည်။
စိတ်ဓါတ်ခိုင်မာ၍ တပါးသူအားအကူအညီမှလွဲ၍ ဘာဝန်ပိုမှမပေးချင်သော မေမေသည်… ကျမဘ၀ထဲမှ ဟန်ဆောင်ကောင်းလှစွာ လင်းလက်ပြီး ဖျတ်ခနဲပင် ကြွေလွင့်သွားခဲ့သည်။


။ ၃ ။ `ငါ့ဘ၀မှာ မရှိမဖြစ်ဆိုတာ ဘာမှမရှိပါဘူး… ငါ့ဘ၀ရဲ့အရေးအကြီးဆုံး မိဘတွေတောင်မှ မရှိတော့တာပဲ…..
နင်ရှိခြင်း မရှိခြင်းကရော ငါ့အတွက်ဘာများထူးသွားဦးမှာမို့လို့လဲ´

ကျမ၏ အယုံကြည်ခဲ့ဆုံးသော သူငယ်ချင်းတစ်ဖြစ်လဲ ချစ်သူယောင်္ကျားတစ်ယောက်၏ သစ္စာမဲ့သောလုပ်ရပ်အတွက် ထိုစကားတစ်ခွန်းနှင့်သာ ကျမလွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ကျမ မဖိတ်ခေါ်ပဲစီးကျလာသော မျက်ရည်များကြားမှ ကျမခေါင်းမော့၍ ပြုံးပြခဲ့သည်။

သူသည် ကျမ၏ လမ်းဆုံးမဖြစ်နိုင်တော့….ကျမခရီးဆက်ရဦးမည်ပဲ………….

ကျမထက်သုံးနှစ်ကျော်မျှကြီးသော မဲ့ပြုံးနှင့် အမျိုးသမီးဆီမှ ကျမမျက်လုံးစတင်လွှဲစရာမလိုခဲ့ပါ။

“...... ကိုမစွန့်လွှတ်နိုင်စရာအကြောင်းတစ်ခုမှ ညီမ မှာမရှိပါဘူး မ' သူစိတ်ချမ်းသာနေတာကို မြင်ရရင် သူနဲ့သူငယ်ချင်းဖြစ်ခဲ့ရခြင်းအတွက်လည်း နောင်တမရပါဘူး“
ကျမ၏စကားအဆုံးမှာ သူခေါင်းငုံ့၍လှည့်ထွက်သွားခဲ့သည်။ သို့သော်.. ကျမနှလုံးသားတစုံအား အပါယူဆောင်သွားနိုင်သောသူ့ကို လည်းကျမ မမုန်းတတ်တော့ပါ။


။ ။ချစ်သောသူများနှင့် ကွေ့ကွင်းရခြင်းမှာ `ဒုက္ခ´ဟု ကြားဖူးသည်။ ကျမလက်တွေ့ခံစားမိသည်မှာတော့ မျက်ရည်များသာဖြစ်သည်။

ကျမသည် ဘယ်သောအခါမှ အသိုက်အမြုံများကို မခွဲရက်တော့ပါ။ နွယ်တက်နေသော မျက်နှာကျက်မှ ပင့်ကူအိမ်များကိုပင် ကျမမရှင်းရက်ပါ။ ကျမသည်… ချစ်သောသူတိုင်းနှင့် ဝေးဖို့ကျိန်စာပါခဲ့သည်ထင့်.. နောင်ဘ၀ထက်တိုင် ကျမ ၀ဋ်မပါချင်ပါ။

သို့သော်… ကျမချစ်သောသူများနှင့် ဝေးရပေဦးမည်။ တိုက်ဆိုင်မှုမှာ ဆောင်းနှောင်းကာလများသည် ကျမ၏ မျက်ရည်များအား ချစ်မြတ်နိုးသည်။

မျက်ရည်…..မျက်ရည်တွေ….. နောက်ထပ်ရော

ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ကျမ…. ငိုရဦးမည်လဲ….

ကျမ မသိနင်္ိုင်ပါ…….

အတ္တ၏ ငြီးငြူသံတစ်ခုနှင့်အတူ….

ကျမချစ်သောသူများနှင့်… ဝေးလွင့်ခဲ့ဖူးသည်…………………

အလင်းမဲ့ကျိန်စာတစ်ခုသည် ကျမဘ၀၏ နိဒါန်းလား…. နိဂုံးလား………

ဘ၀တစ်ခုလုံး၏ ပုံရိပ်လား…. အို….. ကျမ မသိချင်တော့ပါ……….....

...................................................................................................
.......................................................................................................။ ။

(၂၂.၁.၂၀၀၂ - ၂၂.၁.၂၀၀၉ ဖေဖေ့ ၇ နှစ်ပြည့်

၂၈.၁.၂၀၀၅ - ၂၈.၁.၂၀၀၉ မေမေ့ ၄ နှစ်ပြည့်

၂၉.၁.၂၀၀၆ - ၂၉.၁.၂၀၀၉……??????? ....... အမှတ်တရ………….)

10 Comments:

  1. မိုးခါး said...
    အင်း .. ဖတ်ဖူးတယ် နွေး ..
    ခံစားရပြန်ရော ..
    နှင်းဆီနက် said...
    ချစ်ရတဲ့သူတွေနဲ့ကွေကွင်းရတဲ့ဒုက္ခကို သေကွဲနဲ့ရှင်ကွဲဘယ်လိုကွဲချင်သလဲမေးလာရင် အဖြေရကြပ်ပါတယ် ကိုယ်ချစ်တဲ့သူနဲ့ဆိုရင်.....၊ သစ္စာမရှိတဲ့သူနဲ့ဆိုရင်တော့... ညီမငယ်လေးရေ ခံစားဖတ်ရှုသွားတယ်

    ခင်တဲ့

    နှင်းဆီနက်
    Sein Lyan Tun said...
    ဝမ်းနည်းသွားပါတယ်
    kaungkinpyar said...
    စိတ်မကောင်းစွာ ဖတ်သွားတယ် နွေးရေ
    အချစ်မဲ့ဂစ်တာ said...
    စိတ်မကောင်းပါဘူးဗျာ... အရေးအသားကောင်းတော့ ပိုခံစားမိပါတယ်
    သီဟသစ် said...
    နွေးနွေးရေ..

    အရေးအသားလေးတွေ ကောင်းလိုက်တာ..
    တကယ့် အဖြစ်အပျက်တွေ ဆိုတာကို တောင် လွှမ်းသွားတယ်..

    ညီမရေ အစစအရာအရာ အဆင်ပြေ အေးချမ်းပါစေ..

    ခင်မင်စွာဖြင့်
    သီဟသစ်
    မသက်ဇင် said...
    နွေးနွေးလည်းစာရေးကောင်းတယ်
    ရသလေးခံစားသွားပါတယ်
    အစစအရာရာအဆင်ပြေပါစေ
    ဂျပန်ကောင်လေး said...
    မျက်ရည်တွေ မျက်ရည်တွေ.. နွေးရေ.. မျက်ရည်တွေကတော့ သေမှပဲ ခမ်းမယ်ထင်ပါရဲ့ဗျာ..
    အရုပ်ကလေး said...
    အလင်းမဲ့ ကျိန်စာတစ်ခုဟာ
    လူ့ဘ၀ရဲ့ နိဒါန်းဖြစ်သလို ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်တွေအတွက် နိဂုံးပေါ့ ...။

    ဆက်လက် အားပေးနေမယ်
    idulize
    mgnge said...
    ငါစကားမပြောတတ်တော့ ပါ .............
    အမြဲသတိရသင့်တဲ့သူ အတွက်အမြဲသတိရ ...မေ့သင့်တာမေ့ ပေါ့...။

    ရှေ့ ကိုပဲကြည့်နောက်လှည့်မကြည့်နဲ့ .. .ခလုပ်တိုက်တတ် တယ်....။

Post a Comment