“ကိုယ့်ကိုကိုယ် ဖြန့် ခင်းမိခြင်း”

















ကိုယ်က အပါးပါးသောအိနြေ္ခနဲ့ ပြည့်စုံမွန်မြတ်နေတဲ့
မိန်းမမြတ်တယောက်တော့ မဟုတ်ဘူးပေါ့ ညီ...
ဒါပေမယ့် စာနာတတ်တဲ့ စိတ်ထား
နားလည်တတ်တဲ့ နှလုံးသားနဲ့ 
မင်းအတွက်ဘယ်နေရာမဆိုဖြည့်ဆည်းနိုင်ဖို့ အမြဲ ကြိုးစားနေခဲ့တဲ့
ကိုယ်ဟာ
မိန်းမဆိုး တယောက်တော့လည်း မဟုတ်ခဲ့ပြန်ပါဘူး...

မိသားစု အတွက် အရာရာပေးဆပ်
သူများအတွက်လူဖြစ်လာရတဲ့ ကိုယ့်ဘ၀ဟာ…
လူတကာအားကျရတဲ့ ပင်တိုင်စံဘ၀မျိုးတော့မဟုတ်ဘူးပေါ့ ညီ..
ဒါပေမယ့်… ကိုယ့်အားကိုယ်ကိုးရင်း
တချို့ တလေလေးစားတန်ဖိုးထားနိုင်လောက်အောင်
ကိုယ့်ဘ၀ တန်ဖိုး ကို ကိုကိုယ်တိုင် သုညများစွာထပ်တိုးနိုင်ခဲ့တယ်…

စကားပေါင်းများစွာ ပြောခဲ့ရတဲ့၊ကြားခဲ့ရတဲ့ ဒီဘ၀မှာ
တချို့ လူတွေ နှုတ်ဖျားက ထွက်တဲ့
“ မိမဆုံးမ ၊ဖ မဆုံးမ” ဆိုတဲ့တခွန်းကို
ကိုယ်အနာဆုံးပါ ညီ…
အရွယ်ရောက်စ အချိန်ကစလို့ 
ကိုယ့်အသိတွေ ကိုယ်တိုင်ကိုယ်ပိုင်သင်ယူခဲ့ရတာ…
ဒီနှုတ်ခမ်းဖျားက
နာနာကျည်းကျည်းစကားလုံးပေါင်းစုံကလဲ
အမြဲတမ်းတော့ ချိုတယ် ဘယ်ရှိပါ့မလဲ….

ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် လမ်းလျှောက်ဖို့ 
ခြေထောက်နှစ်ချောင်း ပေါက်ခဲ့တဲ့ မိန်းမတယောက်ပါ ညီ
သူတပါးခင်းပေးတဲ့ လမ်းဆိုယောင်လို့ တောင်မလှမ်းချင်ခဲ့ဘူး
ဒုက္ခပဲ ရောက်ရောက်၊ဖိနပ်ပဲ ပေါက်ပေါက်…
ဘယ်လူတကာကိုမှ အကူအကာ ရဖို့ မခေါ်ခဲ့ဖူးသလို
ကိုယ်ယုံကြည်ရာ ခရီးမရောက် လမ်းမပေါက်သရွေ့ …
ရေချိုးပြန်ရိုး ထုံးစံမရှိခဲ့သေးဘူး ညီ…

လူတွေ ပြောပြောနေကြတဲ့ စည်းကမ်းနဲ့ ဂုဏ်သိက္ခာ ကို
ဘယ်ပေတံနဲ့ တိုင်းသလဲ ညီ…
ကိုယ့်ကို ကိုယ်လေးစားနိုင်ဖို့ အရေးအကြီးဆုံးလို့ ထင်နေမိတဲ့
ကိုယ့်အတွက်ကတော့ ကိုယ့်လိပ်ပြာကိုယ်လုံသလို
ကိုယ့်စည်းနဲ့ ကိုယ့်သိက္ခာမို့ 
ကမ္ဘာချီအောင် ခမ်းနားနေသေးတယ်…

ဘယ်သူ့ ရှေ့မှ တကူးတက ခင်းပြစရာ လိုမနေတဲ့
ကိုယ်က ကိုယ်ပဲပေါ့ ညီ…ရယ်
ဘာရယ်ညာရယ် မဟုတ်ပါဘူး…
ခြေလှမ်းတွေ မှုန်မယိုမိစေဖို့ 
ကိုယ့်ကိုကိုယ် ခေတ္တ ဖြန့် ခင်းကြည့်မိတာပါ…
ဘယ်ခရီး ဘယ်လမ်းကို မှ
လိုက်ခဲ့ဖို့  နဲ့ နေခဲ့ဖို့ 
စောဒက မတက်ခဲ့ဖူးတဲ့ သူ…
ဒီတခါထဲနဲ့ တော့ ရာဇ၀င် မရိုင်းချင်ပါဘူး….
နေခဲ့တော့လည်း နှုတ်ဆက်ရုံပေါ့ ညီ။ ။

3 Comments:

  1. စိမ်း... said...
    ကြိုက်တယ်... စိတ်ဓါတ်ကို... :)
    ခိုက်တယ် ... အရေးအသားကို... :)
    WWKM said...
    အဲ ကဗျာလေးကဖတ်လို့ကောင်းနေတာ..
    နောက်ဆုံးစာကြောင်းရောက်တော့မှ စိတ်ထဲတမျိုးဖြစ်သွားရဲ့။
    စိတ်မကောက်ကြနဲ့နော် ညီမလေး။
    သူစိတ်ကောက်ရင် ကိုယ်ချော့လိုက်..
    ကိုယ်စိတ်ကောက်ရင် သူ့ချော့ခိုင်းပေါ့။း)
    အရင်တပတ်က ညီမလေးရဲ့ညီထင်တယ်.မမစီဘုံးမှာ
    လာလည်သွားသးတယ်ထင်ရဲ့။ မမအလုပ်များနေလို့
    မနေ့ကမှ ပြန်လည်မယ်ကြည့်တော့ မက်စိပ်မရှိတော့
    ဘူး။း)
    အခု ညီမလေးရဲ့ လစ်စ်ထဲမှာရှာတာလည်း မတွေ့ဘူး။
    မမကိုပေးပါဦး ဘလော့လင့်ခ်။

    ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

    မမ၀ါ
    ဂျပန်ကောင်လေး said...
    ပျော်ရွှင်နေတာပဲ မြင်ချင်ပါတယ်ဗျာ...း(

Post a Comment