ကျမဘ၀ထဲကနေရာလေးတခုအကြောင်း.












“ ရော့…ဒါက ညီမလေးအတွက် သော့ကလေး..
အမှန်ဆို မေမေကိုယ်တိုင်ပေးသင့်တာပေါ့…အခုတော့
မကြီးကပဲ…. “
လက်ထဲရောက်လာတဲ့သော့ကလေးတချောင်းကို ကျမ မမှိတ်မသုန်
စိုက်ကြည့်နေမိတယ်…
ဒီအရာဟာ ဘာလဲ…………………..
ကျမ ရဲ့ လွတ်လပ်ခြင်းတံခါးပေါက်ကို ဖွင့်လှစ်ဖို့ သော့တချောင်းတဲ့…
ဒီအလေ့အထလေးကို ကျမတို့ မိသားစုတွေထဲ ဘယ်သူ သယ်လာခဲ့သလဲ
တော့ကျမမသိဘူး…
အဲ့ဒီနေ့ က ကျမ အသက် ၂၁ နှစ်ပြည့်မြောက်ခဲ့တဲ့နေ့ ပေါ့…

ကျမ တိတ်ဆိတ်နေတဲ့ သူမ မျက်ဝန်းတွေထဲ တချက်စိုက်ကြည့်လိုက်မိတယ်…
အို…………
လေဟာနယ်တခုထဲရောက်သွားသလို…
ဘ၀ထဲ ကတခုခုကျ ပျောက်သွားသလိုခံစားလိုက်ရတယ်….
လူမှန်းသိတတ်စ…လူပါးဝ တတ်စ အရွယ်ကတည်းက အဲ့ဒီ လွတ်လပ်ခြင်းအတွက်
တအိမ်လုံးနဲ့ တယောက် ဂလန်ဂဆန် လုပ်ခဲ့ အရွဲ့ တိုက်ခဲ့ရ..
မိဘ တွေ မရှိတော့တဲ့နောက် သူမ တယောက်ကသာ အဲ့ဒီ ဒဏ်တွေကို အခံခဲ့ရဆုံးပါပဲ…

ဒီနေ့ တော့ ကျမ ဘ၀ရဲ့ ကျန်ရှိနေသေးတဲ့ အချိန်တွေအတွက်
လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်တွေ… လုပ်ပိုင်ခွင့်တွေ အပြည့်အ၀ပေးလိုက်ပြီတဲ့
သူ့ ဆီက အကြံဥာဏ်လောက်ပဲ ယူချင်စိတ်ရှိရင်မေးပေါ့တဲ့
ကျမ ရင်ထဲဟာသွားသလိုပါပဲ…
တကယ်ဆို ကျမ ပုံ စံ မျိုးနဲ့ ဒီအချိန်မှာသိပ်ပျော်နေသင့်တယ်…
သူမ ရဲ့ ကျမ အပေါ်စိုးရိမ်ပူပန်မှုတွေ…စိတ်ပူမှုတွေ…
အရာရာမှာ အရိပ်တကြည့်ကြည့်နဲ့ တဖွ ဖွ မှာတတ်တဲ့ အကျင့်တွေ…
ဒီသော့ကလေးတချောင်းနဲ့ ကျမ လဲယူလိုက် မိပြီလား….
“ ညီမလေး က ငယ်ငယ်တည်းက စိတ်ထက်တဲ့ကလေးမှန်းမကြီးတို့ သိခဲ့တယ်…
မေမေ့ ကိုပေးခဲ့တဲ့ ကတိတွေအားလုံးလဲ တည်ချင်တယ်..
ဒါပေမယ့် မကြီးကစိတ်ပူတတ်တော့ လိုအပ်တာထက်
ပိုပြီး အစိုးရိမ်လွန်တတ်တာတွေတော့ ရှိခဲ့မှာပေါ့လေ”

ပုံရိပ်သေးသေးလေးတွေ ကျမဘေးနားကဖြတ်ပြေးသွားကြတယ်….
ငယ်ငယ်က မေမေ နဲ့ အတူတူအပြင်သွားကြရင်း
အဆော့သန် အစသန်တဲ့ ကျမ က ခြုံ နောက်မှာပုန်းနေခဲ့တာကို…
ကျမ ပျောက်သွားလို့ ပါဆိုပြီး အာခေါင်ခြစ် ငိုခဲ့တဲ့ သူမ…

ဒီလိုပဲ ကျမ မှာလည်းသူမ အတွက် အာခေါင်ခြစ် ငိုခဲ့ရတဲ့တချိန်ရှိဖူးတယ်…
ကျမ မြီးကောင်ပေါက်မ အရွယ် သူမ ချစ်သူ စထားတဲ့အချိန်ပေါ့…
အောင်သွယ်ခဲ့တော့လည်း ကျမ တို့ ပါပဲ …ဒါပေမယ့် သူမ ချစ်သူ နဲ့  သူမ ကို
အတူယှဉ်တွဲ တွေ့ လိုက်ရတဲ့ ဒီခဏ မှာပဲ ကျမ ရင်ထဲက တစုံတခုကို နူတ်ယူသွားသလို
ခံစားမိတယ်..ရေချိုးခန်းထဲပြေးဝင်သွားပြီး ပြိုကျလာတဲ့မျက်ရည်တွေ နဲ့ 
မထိန်းနိုင်မသိမ်းနိုင်….ကျမ အော်ငိုမိတော့တာပါပဲ….
သူမ ကို ကျမဘ၀ထဲက အပြီးအပိုင် လုယူသွားသလို ခံစားခဲ့ရတယ်…
သူမ က ရေချိုးခန်းတံခါး လာခေါက်ပြီး ညီမလေး ဘာဖြစ်လာတာလဲ လို့ မေးပါတယ်
အတ္တကြီးတဲ့ ကျမ မှာသာ အဖြေမရှိပဲ ရှိုက်ရှိုက်ပြီးငိုနေခဲ့မိတယ်…

အခုချိန်…
ကျမ အလှည့်မှာရော သူမ ဘယ်လိုခံစားခဲ့ရမလဲ…
အဲ့ဒီလိုကျမ တခါမှမစဉ်းစားခဲ့ ဖူးဘူး….
ကျမ အပိုင်ရပြီဖြစ်တဲ့ သော့တချောင်းကို အမိအရ ဆုပ်ကိုင်လို့ 
ကျမ ယုံကြည်ရာတွေကိုပဲ တဇွတ်ထိုးလုပ်နေခဲ့မိတာ…
သူ့ ပြောသမျှစကားတွေ သူ့ ခံစားချက်တွေကို လှစ်လျူရှု
တကယ့်တကယ်တမ်းကျတော့ သူကမှ ကျမရဲ့ လမ်းပြကြယ်တပွင့်ပါ…

ငယ်ငယ်ကတည်းက မောင်နှမသုံးယောက်ထဲမှာမှ လိမ္မာလွန်းတဲ့ သူမ ကို
လူကြီးတွေက တဖွဖွ ချီးကျူးရင်း စိတ်ချထားခဲ့သလောက်
ကျမ ကိုကျ ချုပ်ချယ်ကြလွန်းလို့ တစက်မှကို မနာလိုခဲ့ပါဘူး…

မကြာသေးတဲ့ကာလ တခုက ကျမ သူ့ အနား ခနပြန်သွားခဲ့ပါတယ်…
သက်ဆိုင်သူရှိနေပြီဖြစ်တဲ့ သူ့ တဦးတည်းသောညီမလေး ကို နွေးနွေးထွေးထွေးပဲ
သူမ ကကြိုဆိုခဲ့ပါရဲ့ …အတူနေစဉ်က ကျမနဲ့ သူမ
တစက်မှ အကြော မတည့်ခဲ့ကြပေမယ့်…သူမ ကသာကျမ ကိုအနားလည်နိုင်ဆုံးလူ..
တယောက်ဖြစ်ခဲ့သလို.. လောကကြီးမှာ ကိုယ့်ကိုကိုယ်က လွဲရင် ကျမ အယုံကြည်ဆုံးလူဟာလည်း
သူမ တယောက်တည်းပဲ ရှိခဲ့ပါရဲ့ ….
ဘယ်သူမှ ရှိမနေခဲ့ တဲ့ ကျမ ဘ၀ရဲ့ နေရာတွေ အားလုံးမှာ သူမ ကအမြဲတမ်း နံပတ် တစ် ဖြစ်နေခဲ့တာပါပဲ….
ကျမ အဝေးကို ပြန်ဖို့ သူတို့ လေယာဉ်ကွင်းပြန်လိုက်ပို့ ကြတဲ့အချိန်…
လူဝင်မှုကြီးကြပ်ရေးကောင်တာနားအရောက် အထဲ အထိ လိုက်ပါဖို့ တယောက်သာခွင့်ပြုတာကြောင့်
ကျမ သက်ဆိုင်သူကိုသာ လိုက်ပါသွားဖို့ သူမ ကတော့ မှန်တံခါးတွေရဲ့ အပြင်မှာချန်နေရစ်ခဲ့တယ်…
ပထမတော့ ကိုယ့်အာရုံနဲ့ ကိုယ်မို့ ကျမ သတိမထားမိသေးဘူး…
သတိထားမိတဲ့ အချိန်မှာတော့…သူမ ကကျမ ကို မှန်တွေနောက်က လှမ်းကြည့်နေလေရဲ့ 
သူမ မျက်ဝန်းတွေထဲ…အို…ကျမ သူ့ မ ကို တခါမှဒီလို မချန်ရစ်ခဲ့ဖူးဘူး…
အဲ့ ဒီအချိန် သူမ ဘယ်လိုခံစားနေရမလဲ…..ပြန်တွေးမိချိန်တိုင်း စိတ်မကောင်းဘူး…
အဲ့ဒီနေရာမှာ သူမပြေးဝင်ပြီးငိုစရာ ရေချိုးခန်းလေးတခုတောင် အဆင်သင့်မရှိခဲ့ဘူးလေ….

သူမ ဘ၀မှာ ကျမက တ၀က်တပျက်မှစတင်ဝင်ရောက်ခဲ့တာပါ….
ဒါပေမယ့် ကျမ ဘ၀မှာတော့သူမ က ဟိုးးး ကျမ မွေးစကတည်းက ဘုရားပေးခဲ့တဲ့
လက်ဆောင်တခုပေါ့ ..သူမ ဘ၀တခုလုံးမှာ ကျမ အတွက် အများကြီးပဲ အနစ်နာခံ
ပေးဆပ်ခဲ့ဖူးတယ်….
ကျမ မပူမပင် မကြောင့်မကြ ပညာသင်ယူခွင့်ရဖို့ ..
သူမ တက်ချင်ခဲ့တဲ့နေ့ ကျောင်းတွေ အမှတ်မှီရက်နဲ့ 
အင်္ဂလိပ်စာ အဝေးသင်ကိုမှရွေးတက် ခဲ့တာမျိုးတွေ…..
သူမ လိုချင်လွန်းလို့ ဈေးကြီးပေးဝယ်ထားတဲ့ အသုံးအဆောင်ပစ္စည်းမှန်သမျှ
တောင်းယူလို့ မရတိုင်း ကျမ ဖျက်ဆီးပစ်ခဲ့တာမျိုးတွေ…
အို အများကြီး…အများကြီးပါပဲ….

သူမက ကျမ ဘ၀ရဲ့ အရေးပါတဲ့ နေရာလေးတခုပါ….
ဘယ်သူ့ ကြောင့်မဆို ကျမ စိတ်ပျက်အားငယ်ချိန်တိုင်း
သံသယ ဖြစ်စရာမရှိပဲ ထာဝရ ခိုဝင်နိုင်တဲ့ ရင်ခွင် လှလှလေးတခုပေါ့….
ဘယ်အရာတွေ ဘယ်လောက်ပြောင်းလဲပြောင်းလဲ ….
ဘယ်တော့မှမစိမ်းပဲ ထာဝရနွေးထွေးနေစေနိုင်သော….
ကျမ ၏ တခုသော နေရာ…….။ ။

။ ။ ဒီနေ့ [၇ ဇန်န၀ါရီ ၂၀၀၉] ကျမ ရဲ့ တဦးတည်းသော မကြီးရဲ့ 
၂၇ နှစ်ပြည့် မွေးနေ့ အမှတ်တရပါ…သူ နဲ့ ကျမကြားက အမှတ်တရတွေ ထဲက
တချို့ တလေလေးတွေပေါ့….

6 Comments:

  1. နွေးနွေးသဲမွန် said...
    This comment has been removed by the author.
    ပလူးတာရဲ့အရူးလွယ်အိတ် said...
ံHappy Birthday ပါ...မကြီး
    Demon(ဖိုးသား) said...
    ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေဗျာ
    မိုးခါး said...
    နွေးမကြီး ရော နွေးရော ပျော်ရွှင်ပါစေ .. ကိုယ့်ရထားတဲ့ နေရာလေးတွေကို တန်ဖိုးထားပြီးနေကြစို့ နွေးရေး)
    Anonymous said...
    ကိုယ်ဘ၀ထဲက ရထိုက်သလောက်ရထားတဲ့ နေရာကောင်းလေးတွေကို တန်းဖိုးထားတတ်နိုင်ပါစေ..........................
    Rita said...
    ကောင်းတယ် နွေးနွေး ဆက်ရေးပါဦး

Post a Comment