ကျမ ရဲ့ လက်ရှိခဏများ












ကျမ စာရေးချင်တယ်…ဒါပေမယ့် ရေးလို့ မရဘူး…အခုတလောရင်ထဲမှာ အရမ်းမွန်းကြပ်နေတယ် …ပြောစရာ စကားလဲ ရှာမရဘူး…ဘယ်သူ ကိုမှလဲ
ကိုယ့် နဲ့ လိုက်ပြီးစိတ်မညစ်စေချင်ဘူး…
ဘာရယ် မှတော့ မယ်မယ်ရရ မရှိပါဘူး…ဒါပေမယ့် ကျမ စိတ်ဖိစီးမှုတွေ များနေသလိုပဲ
ခံစားရတယ်… ဘာအဆင်မပြေလဲ မေးရင်လဲ အထွေအထူးပြောစရာ ရှိမယ် မထင်ဘူး
နေရာတိုင်းမှာကတော့ အဆင်မပြေ မှု တခု၊ နှစ်ခုစီ ရှိတယ် လေ…
ဘာတွေပဲ ဘယ်လောက်ကြုံလာလာ မျက်နှာမပျက်..အနေအထားမပျက်ရင်ဆိုင်နိုင်ဖို့ 
ကျမ ဘ၀တလျှောက်လုံး ဟောဒီ ရင်ဘတ်တခုလုံး နဲ့ ရင်းပြီး သင်ကြားခဲ့ရပြီးသားပဲ
ဒါပေမယ့် တခါတလေကတော့ ကျမတယောက်တည်း ကမ္ဘာပျက် ပျက်နေလေရဲ့ 

လူတဦး တယောက်ကများ “ပျော်လား “ တို့  “ကြိုက်လား “ တို့ မေးရင် ကျမ သိပ်မွန်းကျပ်တယ်…
ကျမ မှာ ဖြေစရာ စကားသိပ် မရှိလို့ ပါ… ကျမ အဲ့ဒီ စကားတွေကို လှိုက်လှိုက် လှဲလှဲ
ပြောတတ်ဖို့  တခါလေ တွေတော့ သိပ်ရှားပါးတယ်…
ကျမ ဒီနေရာမှာ မပျော်ပါဘူး… ဒါပေမယ့် နေလို့ ရပါတယ်..နေတတ်ပါတယ်
ကျမ ဒီအစားအသောက် ကိုမကြိုက်ပါဘူး…ဒါပေမယ့် စားပါတယ်…
နေရာတိုင်းမှာ ကောင်းကျိုး ဆိုးကျိုး ရှိတော့လည်း…
ဆိုးကျိုး နည်းတဲ့ အရပ်မှာနေ ထိုင်ရတယ်…
ကျမ ရဲ့ ပျော်တဲ့ အရပ်မှာ ကျမ ထပ်တူညီစွာ ရှင်သန် လှုပ်ရှားတယ်..
ဒါပေမယ့် ကျမ တယောက်တည်းပဲ အရာရာလောက်ငှ အဆင်ပြေတယ်…
ဒီနေရာမှာလဲ ကျမ ရှင်သန် လှုပ်ရှားတယ်..ဒါပေမယ့် …
ကျမအပြင် လူ လေးယောက်လောက်ရဲ့  ကျန်းမာရေး၊ လူမှုရေး
ပညာရေး အစ စ အဆင်ပြေတယ်…အင်း
ကျမ ဘယ်နေရာမှာ ပျော်တယ် ပြောပြီး နေတတ်သင့်သလဲ….

ကျမ ချွဲတတ်ပါတယ်… ကျမ ကိုချစ်တဲ့သူတွေဆီက
ပြုံးပြီး “ဖြစ်မှဖြစ်ရလေ ဟယ်” ဆိုတဲ့ အသံထွက်အောင်…
ဒါပေမယ့် ကျမ မငြီးတတ်ပါဘူး..သူတို့ တွေ ကျမ နဲ့ ထပ်တူ မွန်းကျပ်စိတ်ပင်ပန်းအောင်…
ငယ်စဉ်ကတည်းက ကျမ ခဏ ခဏ အဆူခံရတယ်လေ…
အိမ် ကိုဖွင့်ဟ တိုင်ပင်သင့်တဲ့ ကိစ္စမျိုးတွေမှာ ကိုယ်ဘာသာကိုယ်
ကိစ္စတုံး ဖြေရှင်း ပစ်တတ်လွန်းလို့ …

သူငယ်ချင်းတွေ ကိုအရမ်းသတိရတယ်…
ကိုယ့် မိသားစု ကလူတွေကို တယောက်တမျိုးအတွက်တွေးပြီး စိတ်ညစ်မှာ စိုးရိမ်တတ်တဲ့
ကျမ ဟာ သူငယ်ချင်းတွေ ကိုတော့ ကိုယ်နဲ့ ဘ၀တူတွေ..ရဲ ဘော်ရဲဘက်တွေလို့ တွေးပြီး
အရာရာ ပွင့်လင်းတတ်တယ်…လေ
ဥပမာ… ကျမ အားငယ်ဒေါသထွက်မိတဲ့ ကိစ္စတခုမှာ ကျမငိုချင်ပြီ ဆို ကျမဘေးမှာ ထား၊ ထား တတ်တာ ကျမရဲ့ အတူနေ ဆိုးတူကောင်းဘက် သူငယ်ချင်းတယောက်ယောက်ပါ…
ဒီအတွက် ကြောင့် ကျမရဲ့ အိမ်မှာ အရာရာ ကျမ ကခေါင်းမာ စိတ်ဓါတ်ပြင်း တဲ့ ၊ပြတ်ပြတ်သားသားဖြေ ရှင်းဖို့ အရေးဆို အမြဲ ကျမကိုပဲ ဦးတည်တည်လာတတ်ကြပေမယ့်
ကျမ သူငယ်ချင်းတွေကတော့ ကျမ သရုပ်မှန်ကို ကောင်းကောင်းကြီးနားလည် သိတတ်နိုင်ကြပါတယ်…..

ကျောင်းသူဘ၀ လွတ်လပ်ပျော်ရွှင်ရတဲ့ အချိန် ၂ နှစ်ဟာ ကျမ အတွက်တော့ အလွန်တိုတောင်းပြီး အိပ်မက်ဆန်လှတယ်…
တခြားပညာသင်ချိန်တွေမှာတော့ ကျမ က ၀ဋ်ကြီး ၀ဋ်ငယ်တဖက်
အလုပ်တဖက်နဲ့ လေ…
တခါတလေ တယောက်တည်းတွေးမိတယ်…
သူငယ်ချင်းတို့ ရေ…
ဘ၀ ဆိုတာ ငါတို့ Practical ချိန်၊ Tutorial ချိန် အတန်းလစ်သလိုမျိုး
ခေတ္တ ခဏ ပစ်ချလို့ မရတာသိပ်ခက်တယ်လို့ 

ကျမတို့ ကျောင်းတတ်ရတဲ့ မြို့ ကျဉ်းကျဉ်းလေးထဲမှာ မိန်းကလေးတွေ တန်မဲ့ 
မိုးကာ တွေ ဦးထုပ်တွေ နဲ့ မိုးရွာချိန်တိုင်း တမြို့ လုံးပတ်ပြီး လမ်းလျှောက်
စက်ဘီး စီး လေးယောက်ပေါင်း လောင်းကျော် လုပ်ခဲ့ကြတယ်
ကျမ တို့ က ကိုယ့်ကိုကိုယ် မှန်တယ်ထင်တတ်ကြပြီး လုပ်ချင်ရာလုပ်ရတာကို
ရည်းစားထားရတာလောက် မရှက်တတ်ကြဘူး
ညနေစောင်းဆို တကျောင်းလုံးက ဆရာတွေ ရော၊ ကျောင်းသားတွေရော
ရှိတတ်တဲ့ ဆန္နသစ်မှာ ခပ်တည်တည် လေးယောက်တည်း သွားသွားထိုင်တတ်ကြသလို
တံတားပေါ် ကနေ၀င်ချိန်ရှုခင်းကို Romantic , Romantic အော်အော်ပြီးလဲ
နေ၀င်ရီတရော မကြောက်မလန့် သွားသွားကြည့်တတ်ကြလေရဲ့ …
သူများတွေ က ခပ်ကဲကဲလေးတွေ လို့ နှာခေါင်းရှုံ့ချင်တိုင်း
သူတို့ လိုရည်းစားထားပြီး လူကြီး ကဲ ကဲတာမဟုတ်ဘူး ဆိုပြီး
ကိုယ့် ကိုကိုယ် တွေ ချီးကျူး…
ဘယ်သူဘယ်လိုပြောပြော ငါတို့ လွတ်လပ်ခွင့်ကို
ထိပါးချင်လို့ ပဲ သတ်မှတ်ပြီး..ကျမ ချစ်လှစွာသော သူငယ်ချင်းနှစ်ယောက်
ကျမ စကားတွေကြောင့်
ထားလုဆဲဆဲ ရည်းစားလေးတွေနဲ့ ခွါပြဲခဲ့ တာ မှတ်မိသေး တယ်…
ကျမ တို့ ကလေးတွေ လိုတော့လည်း မဖြူစင်ခဲ့ ကြပါဘူး
ဆယ်ကျော်သက် မိန်းကလေးတွေ ပီပီ
ပဲလေးတွေ ကိုယ်စီ နဲ့ ကိုယ့်ကို လိုက်တဲ့သူတွေအနည်းအများကို
မာန်တွေ တက်ပြီးပြိုင်တတ်ခဲ့ကြတယ်…
ညဥ့်နက်သန်းခေါင် တခါတလေ လောင်းကြေးထပ်
ဘယ်သူ့ ကိုလိုက်နေတဲ့သူ ဆီက ခေါက်ဆွဲကြော်လာပို့ ခိုင်းလို့ ရမလဲ
ဆိုတာကတမျိုး…
သစ်သီးတွေစားချင်တယ် ဆိုတာကတဖုံ..
စာကျက်ရင်းနဲ့ ဓါတ်တွေကြွ လောင်း
တယောက်တလှည့် ကောင်လေးတွေဖုန်းဆက်ရင် ကျူခိုင်းလေး
ခိုင်းခဲ့ကြတာတွေလဲ မှတ်မိသေး…

တခါတလေ အဆောင်ကလူတွေသစ္စာဖေါက်လို့ သိသွားတဲ့
သကောင့်သားတွေက အမျိုးမျိုးငြိုး ပညာပြတတ် ကြပေမယ့်
တချက်မှ အနေအစား မပျက်တဲ့ ကျမတို့ ကတော့ တပြုံးပြုံး
ပိုးဖလံ အားကျတဲ့သူတို့ တွေပဲ အစ ထဲက သိသိကြီးနဲ့ မရိုးတာ
ဆိုပြီး မျက်နှာပြောင်တတ်ကြတယ်

တယောက်နဲ့ တယောက်ရန်ဖြစ်မိချိန်တိုင်း ဘာမှလဲတကယ်မဟုတ်ပဲ
အဆောင်မှာ တံခါးအလုံပိတ်ပြီးနာကျဉ်းပြတတ်ကြတာ…ဒါမျိုးဒုက္ခ ဆင်းရဲတွေ
ဘယ်သောအခါမှ ထပ်မကြုံတော့မလိုပါပဲ
ကျမတို တွေတကယ်တော့တယောက်အကြောင်းတယောက်သိပြီး
တယောက်ကိုတယောက်အရမ်းနားလည်တတ်ခဲ့ကြတယ်…
အဲဒါတကယ်

အခုတော့ တကယ်ကို တယောက်တနယ်စီရယ်..
ဘယ်သူ့ ဘ၀တွေလည်း ဘယ်လိုများနေ မယ်လို့ တွေးမိလိုက်တိုင်း
ရင်မောတယ်
ကျမ တို့ တွေ လဲ ကိုယ့်ဘ၀နဲ့ ကို တသားတည်းမဟုတ်နိုင်ကြတော့ဘူး
လူအမျိုးမျိုး စိတ်အထွေထွေ နဲ့ တွေ့ ကြုံ ရတိုင်း
ကျမ ဘ၀ အဲ့ဒီ အခန်းဂဏ္ဌ က သူတို့ တွေ နဲ့ တော့မယှဉ်သာခဲ့ဘူး
ဒီလို စိတ်ရှုပ်နေ ချိန်တိုင်း သူငယ်ချင်းတွေနဲ့ ဗရုပ်ကျဖူးတာလေးတွေပဲ
ပြန်ပြန် တွေးရင် စိတ်တွေ ပေါ့ပါးသွားတတ်တယ်…
ဒါပေမယ့် ကျမစိတ်တွေ လက်ရှိဘ၀ ထဲပြန် မ၀င်ချင်ဘူး
တာဝန်တွေရယ် ၀တ္တရားတွေ ရယ်…မွန်းကျပ်မှုတွေရယ်
အရင်လို ပေါ့ပေါ့ ပါးပါးလေး ပြန်ရယ်မောတတ်စေဖို့ 
ပိုက်ဆံ တွေဘယ်လောက်ကုန်ကုန် ကျမ သူငယ်ချင်းတွေ နဲ့ 
တနှစ်တခါလောက်တော့ ပြန်ဆုံ ဦးမှဖြစ်မယ်…
မဟုတ်ရင် ကျမ ဘ၀ … ရှင်သန်နေရက် နဲ့ 
လှိုက်လှိုက်လှဲ လှဲ မပြုံးတတ်တဲ့ 
တီထွင် ပြုံးနဲ့ စက်ရုပ်တရုပ်လို ဖြစ်ဖြစ်နေတတ်လွန်းလို့ …..။ ။

( ၁၄ ဒီဇင်ဘာ ၂၀၀၈ )

0 Comments:

Post a Comment