ပရိယာယ်












အဲ့ဒီလို ပိပိရိရိ လှလှပပ လေးပဲ
ငါ့ ဘ၀ကိုမုသား အဆိပ်တွေ ခပ်ပြခဲ့တာ
ရှေ့ ကိုတလှမ်းတိုးမိတိုင်း နောက်ကို နှစ်ခါပြိုယိုင်လဲတယ်…

ရက်စက်နိုင်လွန်းတဲ့ နင့်နှလုံးသားကိုပဲ
တွေတွေငေးငေးလေး စိုက်ကြည့်မိရင်း
ရင်မောတယ်…

ဒီမှာကြည့်ထား
နင့် နံဘေးနားမှာပဲ ငါ
ဖြူဖြူစင်စင် အပြုံးနဲ့ ဆက်ပြုံးပြနေသေးတယ်…

ငါအမြဲပြောနေကျစကားလို
ဘ၀ တခုလုံးမှာ ဒီနေ့ ဟာမနက်ဖြန်ထက်တော့
စောသေးတယ်ကွယ်…

တရက်စာ တပတ်စာဆိုလဲ
ငါထားလိုက်ပါရဲ့ ….
တသက်စာ အတွက်ဆိုတော့လဲ
ငါရင်လေးတယ်…

သိပ်ပြီးတော့လည်း မခက်ခဲပါဘူး
အရာရာတိုင်း ဟာ မိနစ် စက္ကန့် ခဏ လေးတွေကပဲ
ပိုင်းဖြတ်သွားတတ်တာ
နည်းနည်းတောင် ရင်ခုန်ဖို့ ကောင်းတယ်…

ဒါပေမယ့်
အချစ်ဆိုတာချက်ခြင်း စားပြီး ထွေးထုတ် လို့ ရတဲ့
ပီကေ တခုမဟုတ်တော့လည်း
တချက် ၊ နှစ် ချက်တော့လည်းငါပြန် တွက်မယ်လေ…

တန်တော့ဆေး လွန်တော့ဘေးတဲ့
အတ္တ ဆိုတာသောက်တိုင်းကောင်းတဲ့ ဆေးမဟုတ်ဘူး
ကောင်ကလေး ရဲ့ …

ဒီမှာကြည့် ဟောဒီ့မှာကြည့်
ကျိုးကြောင်းမစပ်ဆက် တဲ့စကားတွေကို
တချို့ တ၀က်ပဲသုံး
နင် နဲ့ ငါ့ကြားက
ကျန်ရှိနေသေးတဲ့ ချစ်ခြင်းတို့ အတွက်တော့
ငါ မခို့ တယို့ လေးပဲ ပြုံးမယ်…..

ကဲ
သိပ်တော့လည်းမတွေးနဲ့ 
နင် နဲ့ ငါ တရက် နှစ်ရက် ဝေးလဲငါလွမ်းတယ်
တစ် သက် နှစ် သက်ဝေးလည်း
ငါဆက်လွမ်း နေပေးမှာပါ….ပဲ…။ ။

(၁၆ ဒီဇင်ဘာ ၂၀၀၈)

3 Comments:

  1. chocothazin said...
    ကျိုးကြောင်းမစပ်ဆက် တဲ့စကားတွေကို
    တချို့ တ၀က်ပဲသုံး
    နင် နဲ့ ငါ့ကြားက
    ကျန်ရှိနေသေးတဲ့ ချစ်ခြင်းတို့ အတွက်တော့
    ငါ မခို့ တယို့ လေးပဲ ပြုံးမယ်…..

    ဒီစာပိုဒ်ကို အကြိုက်ဆုံးပဲ
    အကြိုက်ချင်းတူလားတော့မသိ
    ပလူးတာရဲ့အရူးလွယ်အိတ် said...
    ဘူ့ ကိုပြောတာရဲ ဟင်
    သိင်္ဃသူမိုး said...
    ကောင်းလိုက်တဲ့ အသုံးအနှုံးတွေပဲ...ခင်လို့တစ်ခုပြောခဲ့မယ်..
    တစ်ချို..တစ်ချိုတွေက သူတို့လိုချင်တဲ့ Point တွေကိုပဲ သိချင် ၊ အသိပေးချင် ကျလို့ ''ကျိုးကြောင်းမစပ်ဆက် တဲ့စကားတွေကို
    တချို့ တ၀က်ပဲသုံး'' ခဲ့ကျသလို ၊ သိသွားတဲ့အကြောင်းအရာကိုလဲ ဘယ်အချိန် ၊ဘယ်နေရာ ရောက်ရောက် မမေ့ကျဘူးဆိုရင် စကားတွေနဲ့ ကစားတာကို ''ပရိယာယ်''လိုမထင်လိုက်ပါနဲ့ ညီမငယ်

Post a Comment