ငါမညာချင်ပါဘူး...
ဒါဟာ သဘာဝကျကျရပ်တည်ခြင်းတမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်...
အခုမှတော့... အဲ့ဒီ မေ့မရခြင်းတွေ အားလုံးကို 'သံယောဇဉ်'လို့  အမည်တပ်ချင်တယ်...
နင်သာ ခွင့်ပြုမယ်ဆိုရင်ပေါ့....

တစထက် တစ အရောင်တွေစုံလာတဲ့ ဟောဒီ့ သက်တံ့ရောင်နှလုံးသားထဲမှာတောင်....
နင် နဲ့ အတူ ကျပျောက်သွားခဲ့တဲ့ အဖြူရောင်တွေ လျော့ပါးပျောက်ကွယ်လာရင်း...
အလွမ်းသင့် ခရမ်းရောင်တွေကသာ တစထက်တစ နယ်မြေချဲ့ တွင်လာကြ...

နေသားမကျသင့်တဲ့ နေသားတကျတွေနဲ့ ...
ငါ'ကတော့ ပေါ့ပေါ့ပါးပါး ပြောင်းလဲ နေလာလိုက်တာ...
နင် ပျော်နေမယ်ဆို ငါကိုယ်တိုင် နာကျင်ဖို့ ကိုတောင် မေ့လို့ လျော့လို့ ...

အလွမ်းကြောင့် ငါမငိုကြွေးပါဘူး...
မိုးအဆုံး၊မြေအဆုံး...
ငါ့တယောက်အတွက်ပဲ နင်ရပ်တည်မှု အပေးခဲ့ဆုံး ဆိုတဲ့ အသိကသာ ...
ရင်ခွင် အနှံ့ အပြားတိုးတိတ်စွာထိခတ်ကွဲရှလို့ ...

အခုထိ...
နွေးထွေးမှုပျောက်ဆုံးနေတဲ့ ရင်ခွင်ဗလာအကြောင်း...
ထိလွယ် ခိုက်လွယ် ပေါက်ကွဲလွယ်တဲ့ လူငယ်လေး တယောက်အကြောင်း...
မေ့တတ်ဖို့ ငါ မကြိုးစားပါဘူး...
နင်နေတတ်သွားစေဖို့ ပဲ ရည်ရွယ်ရင်း...
....
ဒီလိုပဲလေ...
နေ့ ည အချိန်မရွေး နင်ပျော်ရွှင်ပါစေဆိုတဲ့ အတွေးတွေနဲ့ ...
တချိန်တခါက...
ငါ့ အိပ်မက်တွေကို ငါကိုယ်တိုင် အလောင်မြိုက်ခံ ဖြိုခွဲရင်း...

အခုတော့လည်း...
... နေ့ သစ်တွေ ဖြစ်ထွန်းလာလိုက်တာ...
မင်းမျက်ဝန်းမှာတောင် ယုံကြည်မှုတွေ တစ တစ လင်း လို့ ...။  ။

နွေးနွေးသဲမွန် ( 29,Nov,2011) 2:00AM

;;