မုန်းတယ်…
တခါတလေ တော့လည်း
စွယ်တော်ရွက်တွေရဲ့  ရာဇ၀င်ကို မုန်းတယ်
မျှော်လင့်ချက်မဲ့လိုက်လျော တတ်တဲ့
ခပ်ထန်ထန် မျက်ဝန်းတစုံကို မုန်းတယ်….
မာန လွှမ်းနေတတ်တဲ့ လက်ဖမိုးတစုံနဲ့ ဖန်တီးပေးခဲ့တဲ့
ခပ်သင်းသင်း သနပ်ခါး ရနံ့ တွေကို မုန်းတယ်
ငါ့ နဖူးပြင် က
စွယ်တော်ရိပ် ရဲ့ နှုတ်ခမ်းရာတစုံ ကို မုန်းတယ်
ပြန်ဆက်မရတဲ့ ခပ်ဝါ၀ါ ပုတီးနှစ်ကုံးကိုငေးရင်း
ခပ်ရင့်ရင့် စကားလုံးတွေကို ပြန်ကြားမိတိုင်း မုန်းတယ်
အသိစိတ်က မေ့ပစ်လိုက်နိုင်တိုင်း
မသိစိတ်ကပြန်ပြန် ခေါ်လာတတ်တဲ့ အိပ်မက်ဆိုးတွေ..
မုန်းတယ်
နင် နဲ့ အဝေးမှာ
ငါ့ မာန တွေငါပြန်သွေးရင်း
ငါ့အတွေးတွေ ငါပြန် ပုံဖေါ်တယ်…
လှည့်ကြည့် ပါဦး ကိုမသိဘူး
အချစ် သီချင်း ကိုမသိဘူး
ငှက်ရုပ်တွေ ကိုမသိဘူး
ဒီဇင်ဘာ ကိုမသိဘူး
အရာအားလုံးဟာ…ပြာမှုန်တွေပဲ…ဖြစ်တယ်..
အရာအားလုံးဟာ…မြူ နှင်းတွေပဲ… ဖြစ်တယ်..
ဟုတ်တယ်..
ဒါ…အိပ်မက်တခုပဲ ဖြစ်တယ်..
ခြွေ ခူးမိ ခဲ့တဲ့ စွယ်တော်ရွက်တွေ..အတွက်…
စွယ်တော်ပင် စေစားရာ…အိပ်မက် ဆိုးတခုပဲဖြစ်တယ်…။ ။