ဒါ ကိုယ်တိုင်...ရေးခဲ့တဲ့ ကဗျာတပိုဒ် မဟုတ်ရပါဘူး...
မပွင့်လင်းခဲ့တဲ့ အသက်ရှူသံတွေကြား....
ဘ၀က ယဉ်ယဉ်လေးနဲ့ ဆန်းကျယ်...

အိပ်မက်တွေ ပျောက်ကွယ်သွားတာတောင် ...
အမှတ်တရတွေက တံခါးလာခေါက်နေတုန်းပဲ...
သွေးအစက်စက် ကျနေတဲ့ နှလုံးသားနံဘေးမှာ..
ကိုယ့်စိတ်ဝိညာဉ်ကပြုံးနေလေရဲ့ ...

မတောင်းပန်ခဲ့တော့ဘူး..
မရည်ရွယ်ခဲ့တာ ကိုတော့ ပြောပြချင်ခဲ့တယ်…
ကိုယ် ရည်ရွယ်ခဲ့ဖူးတာတွေကို မင်းပြန်မှတ်မိလာတဲ့ အခါ…
ကိုယ်မရည်ရွယ်ခဲ့တာတွေ အတွက် မင်းနားလည်မှာပါ…

ယုံကြည်တတ်သေးတယ်ဆိုရင်ပေါ့…
တည်နေရာတွေ ရာသီဥတုတွေ အကြောင်းတွေးမိတဲ့ အခါ…
သတိတရ ရှိနေပေးပါ…
အခု...မင်းရပ်နေတဲ့ မြေပေါ်မှာ …
တချိန်တုန်းက ကိုယ်ဟာ အသက်ရှင်ရပ်တည်ချင်ခဲ့ဖူးတာ….

အမှတ်တရတွေကို မီးရှို့ ခဲ့သမျှ...
       သံယောဇဉ်တွေက တိုးလို့ လောင်မြိုက်ခဲ့ရ...
ဒါဟာ ယိုးမယ်ဖွဲ့ ခွင့်မရှိတဲ့ နာကျင်ခြင်းတခုပဲ....
မင်းမလိုအပ်တော့တဲ့ ကိုယ့်ချစ်ခြင်းတွေကို ပြန်လည်ပိုက်ထွေးရင်း...
မင်းလိုသမျှ ပိုက်စိတ်တိုက်ရှာဖွေ ဖြည့်ဆည်းတတ်ခဲ့...

တချို့ လူတွေက ပုံပြောနေကြတယ်...
မိန်းမတယောက်ရဲ့ အတ္ထုပတ္တိ ထဲက နားခိုရာ အတုအယောင်တွေအကြောင်း...

တိုက်တိုက်ဆိုင်ဆိုင်ရွာတတ်တဲ့ မိုးရေစက်တွေကြား...
ကိုယ်နှုတ်ခမ်းတွေ ဆွံ့ အ နေခဲ့ရ…
…………………………………………..
ဒီလိုပါပဲ...
ကိုယ်ငိုခဲ့ဖူးတယ်... ကျောက်ဆစ်ရုပ်တရုပ်တော့ မဟုတ်ခဲ့ဘူး...။  ။

" သူတို့ နှင့် ကျမ..."



ပတ်ဝန်းကျင်ကို ငုံ့ ကြည့်လိုက်တယ်….
ပတ်ဝန်းကျင်ကို မော့ကြည့်လိုက်ပြန်တယ်…
ပတ်ဝန်းကျင်ကလဲ သနားစရာ မျက်ဝန်းနဲ့ မော့ကြည့်တယ်…
တခါတလေ သူကပဲ မော်ကြွားကြွားနဲ့  မျက်ဝန်းဒေါင့်ကပ်ငုံ့ ကြည့်ပြန်တယ်….

ကျမစောင့်နေခဲ့တဲ့ အချိန်တွေရှိသလို…
ကျမ ကြောက်နေခဲ့တဲ့ အချိန်တွေလဲ ရှိတယ်….
အရာရာကို ပုံတူကားချပ်ဆွဲ…
တခါတလေ ၀ိသမမျက်လုံးနဲ့ ပဲ စောင့်ကြည့်ချင်တယ်….

ရောင့်ရဲတတ်တာ ကောင်းတယ်…
ဒါပေမယ့် တင်းတင်းကြီး တိမ်နေကြတာ ဆိုးပြန်တယ်….
နေရောင်ခြည်ကို အပူတပြင်းလိုအပ်နေတဲ့အခါ…
ကန့် လန့် ကာကို ဖယ်သင့်ရင်ဖယ်ရမယ်….

နူးညံ့နေတာမြင်တိုင်း…ဒူးနှံ့ နေလို့ ရမယ်မထင်ပါနဲ့ ….
အားနာမိတဲ့ တခါတရံဟာ အင်မတန် အသက်ရှူကျပ်ကြောင်းးး …
အားနာတတ်တဲ့ တခါတလေ မှာ…
အင်မတန်အခံရခက်ကြောင်း….
ရင်ဘတ်နဲ့ ရင်းမိတဲ့ အခါ သိမယ်…  

တခါတလေ သူ တို့ မှားတယ်…
တခါတလေ ကျမ မှားတယ်….
ဒီလိုပဲ…
မျက်ဝန်းအမှားတွေနဲ့ အမှန်ကို ကျောခိုင်းကြည့်ကြပြန်တယ်….။ 

;;