အားလုံးပြီးဆုံးသွားပြီးနောက်...
မယုံနိုင်စရာ အမြစ်တွယ်နေတဲ့
သံယောဇဉ်အကိုင်းအခက်တွေကြား...
ငါ့ကိုယ်ငါ..မရှုမလှပျောက်ရှခဲ့ရတယ်...
အသိခေါက်ခက်တဲ့ ချစ်ခြင်းတွေအပါး...
မောင့်...ကိုမပြောဖြစ်ခဲ့တဲ့... အမှန်တရားတွေ အနား...
ပရိယာယ်တွေနဲ့ ကျန်နေရစ်ခဲ့တာ...ကျမပါ မောင်ရယ်...
မောင့်အပါးမှ..ထွက်ခွါခဲ့ပေမယ့်အမှန်တကယ်ကျန်ရစ်ခဲ့သူမှာ...ကျမသာဖြစ်ပါသည်...
အဖြေတွေ အဆင်သင့်ရှိနေခဲ့ပေမယ့်...ပျောက်ဆုံးနေသော မေးခွန်းများအတွက်..
ဘယ်လိုဖြောင့်ချက်မျိုးကိုမှလည်း မောင့်ထံဝန်မခံခဲ့ဖြစ်ပါ...
ချရေးမိသည့်ဒိုင်ယာရီစာမျက်နှာတိုင်းကိုဖျက်ဆီးပစ်ဖို့ မီးခြစ်တလုံးနှင့်..
စတီး.ပန်းကန်ပြားတချပ်က ကျမစာကြည့်စားပွဲပေါ်တွင် အဆင်သင့်အမြဲရှိနေတတ်ခဲ့သည်...
တမင်တကာ မမေ့ပစ်ခဲ့သလို မေ့နိုင်ဖို့ လည်းမကြိုးစားခဲ့မိသည်ကိုတော့ဝန်ခံရပါမည်...
မောင်နှင့် တလှည့်ဆီ ဖလှယ်ရေးခဲ့ကြသော ဒိုင်ယာရီစာအုပ်လေးကို ရင်ဘတ်ပေါ်တင်၍ အိပ်တတ်မြဲ...
မောင့်နှုတ်ခမ်းပါးနှင့် ထိတွေ့ ခဲ့သောမောင်မသိအောင်သိမ်းထားခဲ့သည့်..
စီးကရက်အစီခံလေးများ ၊ ကျမနေမကောင်းသည့်အခါတိုင်းမောင်ဝယ်ပေးခဲ့ပြီး ဘယ်တုန်းကမှ မသောက်ဖြစ်ခဲ့သော
Procold ဆေးကပ်ကလေးများ... စွယ်တော်ပင်တန်းဆီမှဖြတ်တိုင်း အလှဆုံးအရွက်ကလေးကိုခူး၍
ကျမတို့ နာမည်ရေးထားတတ်ခဲ့သော စွယ်တော်ရွက်ခြောက်ကလေးများ...
ကျမအခန်းငယ်ထဲ နေသားတကျရှိနေကြမြဲသာဖြစ်သည်...
ဖွင့်ဖတ်ဖြစ်သော်လည်း မပြန်ဖြစ်သည့် မောင့်ထံမှ အီးမေးပေါင်းများစွာသည်...
သံသယများ စွတ်စွဲချက်များစွာနှင့် ထာဝစဉ်ပြည့်နှက်နေတတ်သည်..
မောင်က မာနတွေကို အရောင်ချယ်၍ Voice Mail တစောင်ဖြင့်ပို့ လိုက်သည်...
မယုံကြည်ပေမယ့်လက်ခံလိုက်ပါသည်... မင်းလိုအတ္တကြီးတဲ့မိန်းမတယောက်ကိုမုန်းဖို့ ကြိုးစားမည်..တဲ့...
နောက်ဆုံးအနေဖြင့် မောင်...စိတ်သက်သာစွာမုန်းတီးနိုင်ရေးအတွက်ရည်ရွယ်၍ ပြန်စာတစောင်ကို ကျမပြန်ပို့ ခဲ့ပါသည်...
အံ့ဘုန်းနေ...
မင်းဘ၀မှာ ရွေးချယ်ခွင့်၂ခုနဲ့ ကြုံလာခဲ့ရင်..
ပထမ ရွေးချယ်ခွင့်ဟာ ငါမဟုတ်သလို...
ဒုတိယရွေးချယ်ခွင့်ကလည်း ငါမဟုတ်ဘူး...
နောက်ဆုံးရွေးချယ်ခွင့် ဆိုတာထပ်ရှိလာခဲ့ရင်တောင် အဲ့ဒါ ငါဖြစ်နေမှာမဟုတ်ဘူး...
မင်းအတွက် ရွေးချယ်ခွင့်တွေ အမြောက်အမြားနဲ့  ပြည့်စုံစေခဲ့ပေမယ့်...ငါကိုယ်တိုင်ကတော့...
ဘယ်တော့မှ မင်းရွေးချယ်စရာတခု ဖြစ်လာမှာမဟုတ်ဘူး...
ဒီဘ၀တင်မက နောင်ဘ၀အဆက်ဆက်ဆုံလာခဲ့ရင်တောင်...
မင်းဘ၀မှာ...
ငါဟာ မင်းရဲ့ ရွေးချယ်ရာတခု ( ဘယ်တော့မှ )
ဖြစ်လာလိမ့်မယ် လို့ ...မထင်ပါနဲ့ ...
မင်းရဲ့ အတိတ်တွေထဲက..
နွယ်သာကီ.
ကျမကတော့ဖြင့် ဘ၀ကိုမျှော်လင့်ချက်တွေနှင့်မတည်ဆောက်နိုင်...
ပေးဆပ်ခဲ့ပြီးတဲ့နောက်…လည်း… ကျမထံတွင် ဘာမှမကျန်…
အတ္တ…နောင်တ … ထို့ အတူ မောင်သင်ပေးခဲ့သော ရှိုက်ကြီးတငင် ငိုကြွေးခြင်းများ….
အရာအားလုံး အခိုးအငွေ့ များအဖြစ်ကျမနံဘေးနားတွင် ၀န်းရံနေခဲ့သည်...
တကယ်ဆို အနောက်ကိုလှည့်မကြည့်ချင်ဘူး မောင်... ဘယ်လောက်အထိဝေးသွားခဲ့ကြပြီလဲ ဆိုတာ...
ကျမ ပြန်တွေးမိနေမှာစိုးမိလို့ ပါ... ။  ။
ခရီးသွား ဟန်လွဲပေမယ့် … အခါခါ တမ်းမက်ခဲ့ရသော  ထိုကျောပြင်ကို ကျမ မမေ့ပါ…
ထုံးစံ အတိုင်း မောင့်နံဘေးတွင် ဆံသားရှည်ရှည်ကလေးများနှင့် မိန်းကလေးတယောက် ပါနေစမြဲ…
“ ကီ့ ဆံပင်လေးတွေက ကလေးဆံပင်လေးတွေလိုပဲ..ပျော့ပျော့ပါးပါး နဲ့ ဆံနွယ်ကလေးတွေ…
ပိုးသားလေးတွေ အတိုင်းပဲ… “ 
ထိုစကားသံတွေ ပြန်ကြားယောင်မိသော အခါ မပီပြင်သော အပြုံးတခု ကျမ ပါးပြင်၌ ပေါ်လာခဲ့သည်….
နာကျင်လွယ်သော နှလုံးသား သည်…အခုတော့.. အမာရွတ်ရာ အထပ်ထပ်နှင့် ထုံကျင်စွာ လှောင်ပြုံးနေတတ်ခဲ့လေပြီ…
“ မလွမ်းချင်ပဲ…လွမ်းရတဲ့အခါ….
အလွမ်းဟာ….နွမ်းနယ်…..
တမ်းတခြင်းတွေ က ငါ့ရင်ခွင်ကို
အကျယ်လောင်ဆုံးဖုန်းခေါ်တယ်….
နင်ဟာ….သာသာယာယာ…
လှည့်ဖျားတတ်လေသော မာယာ….
ဖြစ်နိုင်မယ် ဆိုရင်
မလိုအပ်ပဲလဲ ထပ်ညာပါ….
(……အိပ်မက်….)
ငါ့ကိုယ်ငါ ပြန်ဆယ်နေရင်းက….
“ငါ” ဆိုတာက ပျောက်ပျောက်သွားတယ်….
ငါ့ကိုယ်ငါ ဖြန့် ကြည့်မိတဲ့အခါ….
ငါဟာ သိပ်ကိုပါးလျှ လွန်းပါလားးး….
အဲ့ဒီအိပ်မက်လေး…ငါ့ကိုပြန်ပေးပါ….
နင်မဖတ်တတ်တဲ့ ငါ့ကဗျာစာရွက်တွေ ပြန်ပေးပါ….
ကျပျောက်သွားခဲ့တဲ့ ရင်ခုန်သံတွေပြန်ပေးပါ…
သုံးစားလို့ မရတော့တဲ့ နားလည်မှုတွေပြန်ပေးပါ…
တော်ပါ……
အလွမ်းတွေချည်းပဲ သောင်လာထွန်းတော့တဲ့အခါ
ငါဟာ ကမ်းပါး တခုမဖြစ်ချင် တော့ပါ…။  ။”
လက်လွှတ်ခဲ့ခြင်းလို့ မဆိုစေချင်… အမှန်ဆို ကျမက မောင့်အပေါ် ဘယ်တုန်းကမှ အတ္တတကြီး ပိုင်ဆိုင်လိုစိတ် မထားခဲ့ခြင်းပင်…
ဒါဟာ ကျမ ၏မောင့်တယောက်တည်းအပေါ် ပေးဆပ်ခဲ့ခြင်းသက်သက်သာဖြစ်သည်….
မောင်ကျမအပေါ်တကယ်ချစ်ခဲ့သလား ဟု ကိုယ့်ကိုကိုယ် ပြန်မေးမိသည့်နေ့ ရက်မှာတင် မောင့်ကို ကျမ၏ သံယောဇဉ်အနှောင်အဖွဲ့ မှ…
လွတ်မြောက်ခွင့်ပေးဖို့ ခိုင်မာစွာ ဆုံးဖြတ်ခဲ့သည်…
ဘယ်လောက်ပင် မက်မောငြိတွယ်နေမိပါစေ… ကျမအပေါ်ချစ်နေသည့်အချစ်ကို သံသယဖြစ်မိလာသောအခါ….
ထိုယောင်္ကျားတယောက်ကို ကျမနံဘေး၌ ယှဉ်တွဲနေခွင့် မပေးနိုင်တော့ခြင်းသည်…နွယ်သာကီ ဆိုသော သာမာန်မိန်းမတယောက်တွင် ပိုင်ဆိုင်သော အနက်ရှိုင်းဆုံး မာန တခုသာဖြစ်ခဲ့ ပါသည်…။ ။
“တိုးတိုးတိတ်တိတ် အလွမ်းဟာ....
ဒီရင်ခွင်အနှံ့ အပြားမှာ နေသားတကျ...
ငါတို့ အပိုင်းပိုင်း အစစ လွင့်စင်ကြိုးပြတ်ခဲ့တာတောင်မှ လေ...
အသိသက်သေ မလိုဘူး..
တရားဝင်ပြ ဌန်း ချက်တွေ မလိုဘူး...
ငါတို့ တယောက်ကိုတယောက် ...
အပြီးအပိုင်...ဆုံးရှုံးလိုက်ကြတယ်...
"ငါနင့်ကို မချစ်ဘူး...."
ဒါဟာ နောက်ဆုံးပေးခဲ့ဖူးတဲ့လက်ဆောင်ပဲ ဖြစ်မယ်...
နင့်စိတ်ချမ်းသာမှု အတွက်ဆို...
ငါနင့်ကိုမချစ်ဘူး...
.........
ငါ
နင့်
ကို
ချစ်......ပါဘူး....
တယောက်မျက်ဝန်းအကြည့်တွေထဲ တခါကျပျောက်...
မျက်ရည်တွေနဲ့ လွမ်းခွင့် မရှိတော့အောင်...
ငါတို့ အဝေးဆုံးဝေးကွာကြပြီးတဲ့နောက်...
ရင်ခွင်ကို အမှောင်တိုက်သွင်းမယ့်...
အဲ့ဒီ...
ချစ်သူ့ အလင်းကျိန်စာတွေရဲ့ အောက်မှာ..... ။   ။
…………………………………………………..EnD!!! ……………………………………………………
;;