ခါးသက်တဲ့ည…


ငါ့ကို တစစ ၀ါးမျိုနေ…

အိပ်မက်တခုစာ..ကွာခြားခဲ့..

အဲ့ဒီ မင်းနှုတ်ခမ်းပါးတို့ ရဲ့ အဝေးမှာ…

ဘ၀ဟာ…ဖြူဖျော့ဖျော့ကော်ဖီတခွက်လို…



မငိုပါနဲ့ …

ပန်းခြောက်တွေ ကြွေတာလောက်က..

လွမ်းလောက် စရာလား...

ငါ့နှလုံးသားဈာပန မှာ…

နင်ကိုယ်တိုင် တခမ်းတနား..

ဝမ်းမြောက်ကြောင်းသ၀ဏ်လွှာပေးပို့ ခဲ့ပြီးမှ…



မကြားချင်တဲ့စကား…

ဘယ်နှစ်ခွန်းများနားထောင်ခဲ့ရသလည်းလို့ …

နင့်ကိုယ်နင်ပြန်မေးခဲ့ဖူးသလား…

တော်ပါပြီ…

ယုန်ထင်ကြောင်ထင် ပုံပြင်တွေလဲ

ထွက်ခွါသူနဲ့ ကျန်ရစ်သူကြား…

အထပ်ထပ်ခြားလို့ မ၀ ကြသေးလို့ လား…



ငါမလိုချင်ဆုံးအရာ…

မင်းမှာရောမရှိတာသေချာလား…

ဘာတဲ့..."…နောင်တတရား..."

ဝတ္ထုထဲက ပျော့ညံ့ညံ့စကားတွေ ...

လေးစားလို့ မရတဲ့စကားတခွန်း အဆုံးမှာ...


ပတ်သက်မှုအားလုံး အမှောင်ဖုံးသွားခဲ့....



အင်း..ယောင်တတ်တဲ့ အကျင့် လဲ ဖျောက်မှ...
စိုလွယ်..ခြောက်လွယ်..ချွေးသိပ်လွယ်...

"ဆောရီး "ဆိုတဲ့ ပေါ့ပျက်ပျက်စကားနဲ့ …

အဲ့..ရင်ဘတ်ထဲက ဓါးချက်...

ဘယ်လောက်နက်နက်...အရာမထင်ဘူး...



နောက်ကျော က၀င်လာမယ့် ဓါးတလက်အတွက်တော့..

ကြိုနောင်တရနေစရာ လဲ မလိုပါဘူး..

ကံကြမ္မာကို အကြွေးဆပ်ဖို့ 

ငါ့မှာ ရာသီတ၀က်စာ ကျန်သေးတယ်...

ငါ့စိတ် ငါလန့် တာကလွဲ...

ဘ၀မှာ သွေးပျက်စရာလဲ မကျန်ဘူး...



နောက်နောင်…

လိမ်တတ်တဲ့ဥာဏ် တထွာတမိုက်နဲ့ တော့..

သူတပါး..ယုံကြည်မှုကိုလဲ…

အဆိပ်မခတ်မိစေနဲ့ ပေါ့…။ ။

ကြာပြီ...


ကိုယ်ချင်းစာ မှုတခုကြောင့်

စကားလုံးတွေ ရုပ်လုံးမထွက်တော့တာ...



ကြာပြီ...

တခါတလေ ပွင့်လင်းကြည့်ချင်တယ်..ရယ်လို့ လည်း...

ဆန္ဒ မရှိတော့တာ...



ကြာပြီ...

မချင့်မရဲ အပြုံးနဲ့ ..

ဘာမှမဟုတ်ပါဘူး..လို့ ..

မပြောဖြစ်တော့တာ...



ကြာပြီ...

ငါဘာမှမလိုပါဘူး ပြောပြောပြီး..

လိုဘတွေ အတောမသတ်နိုင်ခဲ့တာ...



ကြာပါပြီ...

ကိုယ့်ကိုကိုယ်ပဲ ထုံးလိုမွှေ၊ရေလို နှောက်...

မျှော်လင့်ချက် ဆိုတဲ့ အတွေးတွေ ကိုလဲ...

ခပ်ရေးရေး မှ..အာရုံမထားဖြစ်တော့တာ...။ ။

“သို့ ….ကျမ၏ စေတန်… “












။ ။ ရက်စက်တယ် ဆိုတဲ့ အသိမှာ…ထိသမျှ..တွေ့ သမျှက နာတယ်….
စေတန် ရယ်… ငါ့အိပ်မက်တွေ ကိုလှုပ်နိုး …ပုတ်သိုးနေအောင် နင်ပြုစားခဲ့တဲ့ နှလုံးသားဟာ….
သွေးမထွက် တဲ့ဒဏ်ရာပေမယ့်…ဆတ်ဆတ်ခါအောင် နာတယ်…

နင်ဟာ..ရင်ဘတ်ဗလာနဲ့ နတ်ဆိုး တပါး…အစီးအတားမဲ့...ယိုစီးခဲ့တဲ့ အကြင်နာတွေ ကို…
နေစရာ မဲ့အောင် ပစ်ချထားခဲ့တယ်…
ကဲ…ငါ့ရင်ဘတ် ကိုထုတ်ချင်းခတ်…နင်တားခဲ့တဲ့ထမင်းရေပူစည်းတဖက်..မှာ…
နင်ဘ၀ နင့် ကမ္ဘာ သာသာယာယာ ရှိပါစေ…

ဝမ်းနည်းစရာ ၀မ်းသာစရာ တခုခုနဲ့ ကြုံမိတိုင်း…ကျင့်သားတကျ စွာ ပထမဆုံး ပြေးပြေးမြင်တတ်တဲ့ နင့်မျက်နှာ…
ငါ့နှလုံးသားနေရာ အနှံ့ အပြားမှာ…ကြက်ခြေခတ်တွေနဲ့ ..ဖုံးထားခဲ့ပါရစေ…
ငါ့သမိုင်းကြောင်းတလျှောက်ကို ပြန်ရှာဖွေဖြစ်တဲ့အခါ…ဖွင့်မဖတ်သင့်တဲ့..စာမျက်နှာတရွက်ဟာ…
နင်ကိုယ်တိုင်ပါပဲ..စေတန်…

“ရွာရန်ရွာနှုန်းကတော့ ရှစ်ဆယ်ပေါ့…
.ဒါပေမယ့် ကျန်နှစ်ဆယ်ရာနှုန်းကြောင့်ရွာခွင့်မရခဲ့…
မိုးမခြိမ်းရမယ့်အတူတူ လျှပ်စီးလည်းမလက်ပြချင်တော့ပါဘူး…
ငါ့ကောင်းကင်ရဲ့ တိမ်တိုက်တွေကိုက ညိုလွန်းတယ်….

လှေနံဓါးထစ်အလွမ်းတွေပါ….
အချစ်မြစ်ကြောင်းမှာ စုန်ဆင်းနေသမျှ
နင့်' ကို အပ္ပမာဒေန (မမေ့မလျော့ မပေါ့မဆ)
…. လွမ်းတယ်..

အတိတ်ကို မလူးသာမလွန့်သာဖြတ်သန်း
ပစ္စုပ္ပန်ကို အလိုက်သင့်အလျားသင့်ရင်ဆိုင်
အနာဂတ်ကို ဒေါင်ကျကျပြားကျကျမျှော်မှန်းရင်း
ငါ့လောက် စန့်စန့်ရန့်ရန့် ခေါက်ရိုးကျနေတဲ့သူ ဘယ်မှာရှိမလဲ…..

---ရေ….
ငါ့ကို့ ရင်ခွင်ထဲထားပါ…ခါးတို့ရင်းစပါ….
ငါ့ကိုဖက်ပါ….. အနမ်းအသစ်နဲ့နမ်းပါ….
ပြီးရင်… ငါ့ကိုထားမသွားခင်
လက်ခံနိုင်စွမ်းလေးတော့ မြှင့်ပေးသွားပါဦး…

ငါ့အတွက်တော့ အချစ်ဆိုတာ
အိပ်မက်တွေပေါက်ရောက်နေတဲ့ ဥယျာဉ်တော်ပါ..
တခုလွဲသွားတာက…
အဲဒီက ပန်းတွေမှာ ရနံ့မပါခဲ့ဘူး………။ ။”


။ ။ အချစ်ဆိုတာဟာ ငါ့အတွက်တော့…အိပ်ရာဝင်ပုံပြင်လှလှ တပုဒ် မဖြစ်ခဲ့ပါဘူး..စေတန်…
နင့်စိတ်တိုင်းကျ ရေးခြယ်ပြသခဲ့တဲ့… စိတ္တဇပန်းချီကားတချပ် လို…
တစိမ့်စိမ့် ပြန်မြင်ယောင် တတ်ခဲ့တဲ့အခါ…ငါဟာ….သွေးရူးသွေးတမ်းစွာ နေစရာမဲ့ဖြစ်ခဲ့ရတယ်…

ရေပြင်ကျယ်ကျယ်တွေ မြင်တဲ့အခါ…ငါငိုမိတယ်..စေတန်….
ငါငိုဖြစ်ဖို့ အခြေအနေ မပေးရင်တောင်….ငါ့နှလုံးသားက ..သွေးအစက်စက် ယိုစီးကျနေသယောင်ကို..ငိုတယ်….

“ နင့်ကိုချစ်တဲ့..ငါ့မေတ္တာကြောင့် နင့်ဘ၀လေး လှပနေပါစေ…
သာယာမှု အပေါင်းခညောင်းနေတဲ့ နင့်ဘ၀လေးဟာ..
ငါ့အတွက် အနှောင့်အယှက် ဖြစ်ခဲ့ပြီလား…
တခါတလေတော့ လည်း ငါသိမ်ငယ်စွာ တွေးဖြစ်တယ်…”


။ ။ငါဒီကဗျာလေးကို အထပ်ထပ်ရွတ်ဖြစ်နေတုန်းပါ စေတန်….ဒါပေမယ့်လဲ အခုတော့နားထောင်မဲ့သူမဲ့စွာ…ငါတယောက်တည်းရယ်ပေါ့…
နင်ပျော်ရွှင်ပါစေ…ဆိုတဲ့ ဘယ်တော့မှ မရိုးမယ့်ဆုတောင်းလေးကို ငါထပ်တောင်းဖြစ်တယ်….ငါနဲ့ ဝေးသော တရပ်တပါးသော အရပ်ဒေသမှာ… နင့်ရဲ့ ဖြူစင်လှပတဲ့ အပြုံးတွေ ထာဝရလင်းလက်နေပါစေတော့ကွယ်…

တခါတလေ ရေကဗ္ဗည်းပင်ဘေးက…နင့်ရဲ့ လက်ရေးသေးသေးလေးတွေကို… ငါတိတ်တဆိတ်ကလေး သွားကြည့်ချင်မိခဲ့တယ်….
ဇရက်ငှက်ကလေးတွေ မြင်တဲ့အခါ…ကံကြမ္မာကို လက်ချိုးရေတတ်တဲ့ အကျင့်ကလေးလဲ နင်ငါ့ကို သင်ပေးခဲ့ဖူးတယ်…လေ…
အခု ငါလေ…နင်မြင်ဖူးချင်ခဲ့ သလို…ခေါင်းမော့ရင်း ပြုံးတတ်နေပြီ…နေသားတကျ ယဉ်ကျေးမှုမျိုးနဲ့  ငါနဲ့ အဝေးဆုံးကိုထွက်သွားဖို့
နင်ပြန်လာတဲ့အခါ ငါ့အပြုံးတွေကို နင်မြင်တွေ့ ဖူးစေရပါမယ် စေတန်….

“ကောင်လေးရေ….
နင်က ငါ့ကို အနာဂတ်တွေအကြောင်းသင်ပေးနေရင်းက ပစ္စုပ္ပန်တွေထဲက ထွက်ပြေးတယ်….

နင်ပြန်လာတဲ့အခါ….
ခရေပန်းလေးတွေ ကောက်လာပြီး… ငါ့ကျောပိုးအိတ်အနီလေးထဲ ထည့်ပေးပါ….

နင် ပြန်ခဲ့ပါ..…..
ငါဟာ နင့်ကိုနားလည်ဖို့  အကြိမ်ကြိမ်ကြိုးစားနေခဲ့ကြောင်း….
တခါတလေ အမှတ်ရမိတဲ့ အခါ….

နင် ပြန်ခဲ့ပါ..…..
ငါဟာ နင်မဖြေချင်မယ့် မေးခွန်းမျိုးတွေကို..
ဘယ်တော့မှ မမေးတတ်တဲ့ကောင်မလေး တယောက်ဖြစ်ကြောင်း
နင်သတိရ မိတဲ့အခါ….

အဲ့ဒီ အချိန်….အဲ့ဒီ အခါ…..
……………………………………..
…………………………………………..
နင်ပြန်လာတဲ့ အခါ…………….။ ။”



။ ။စာရွက်ကလေးတရွက် က လှောင်ပြုံးပြုံး တတ်တယ်လို့ နင်ကြားဖူးသလားစေတန်…
ငါ့အိပ်မက်တွေ နေသားတကျ မဖြစ်သေးခင်… ထွက်ခွါခဲ့တဲ့ နင်က …
ငါ့ဘ၀အတွက် အမှတ်ရစရာ ဖိတ်စာလှလှလေးတခု ချန်ရစ်ခဲ့တယ်…
ဓါးသွားက ပါးပါးလေးပါ စေတန်….
အပိုင်းပိုင်းပြတ်ထွက် ခဲ့တဲ့ ငါ့နှလုံးသားကိုက…ခံနိုင်ရည်နည်းပါးစွာ ကူကယ်ရာမဲ့ခဲ့ရတာပါ….


“ ချစ်ခြင်း တွေ ငါ့နံဘေး နားက ဖြတ်ပြေးသွားကြတဲ့အခါ
ကယောင်ကတမ်း ငိုကြွေးမိတယ်…
နင် ငါ့ကိုမချစ်ဘူး….
အမှန်တရားတွေ ငါ့မျက်ဝန်းတွေပေါ်က တောင်ပံတပ်ပြီး
ပျံသန်းသွားကြတဲ့အခါ…
သတိလက်လွတ်….ရေရွတ်မိပါတယ်…
နင် ငါ့ကိုမချစ်ဘူး…

ငါဟာအကြိမ်ကြိမ်ရှုံး ယုံကြည်ချက်ပျောက်ဆုံးခဲ့တာတောင်…
အတ္တတရားတခုကို လိုလိုလားလား ဆုတ်ကိုင်ထားခဲ့တဲ့
မိန်းကလေးတယောက်ပါ….့
တခါတရံ တော့လည်း…
နာနာကျဉ်းကျဉ်းမြည်တမ်း တတ်ခဲ့ပါတယ်…
နင်ငါ့ကို မချစ်ဘူး….

ငါ့ကိုယ်ငါ ကျိန်ဆဲမိတယ်…
ငါဟာ လူတွေ အကြောင်း နကန်းတလုံးမှ
နားမလည်တတ်တဲ့ မိန်းကလေးတယောက်ဖြစ်ခဲ့ရင်ကောင်းမယ်….
ဒါပေမယ့် ငါ့ဆုတောင်းတွေ အသက်မဲ့
မနှစ်မြို့ စွာလက်ခံတတ်ခဲ့ရပါတယ်…
နင်ငါ့ကို မချစ်ဘူး…။ ။ “

။ ။ဟုတ်ပါရဲ့ …ထပ်ဟန်မဆောင်နေပါနဲ့ ..နင်ငါ့ကို မချစ်ခဲ့ဘူး စေတန်…
“စေ့စပ်မင်္ဂလာဖိတ်ကြားလွှာ” ဆိုတဲ့ စာအိတ် ပြာပြာကလေးနောက်က …
လက်စွပ်ဝါ၀ါကလေးတကွင်းက ငါမမြင်ချင်ယောင်ဆောင်လို့ ရလောက်တဲ့… မြူတမှုန် သဲတပွင့် မဖြစ်သင့်ခဲ့ဘူး…လေ…
ကတိက၀တ် ဆိုတာ တည်စေဖို့ ရည်ရွယ်ချက်နဲ့ …ထုတ်ဖေါ်ခဲ့တဲ့ စကားတရပ်ပါ စေတန်…
မျက်စေ့ကို စုံမှိတ်…ငါအိပ်ပျော်အောင် ကြိုးစားကြည့်မယ်…
ဒီ အိပ်မက်တွေ က လွတ်ရာလွတ်ကြောင်းပေါ့လေ….


“ရှုပ်ရှက်ခတ် နေတဲ့ အမှန်တရားကို ဆေးကျောဖို့ 
အဖြူရောင်သွေးတစက်ပဲ လိုတယ်…
အိပ်မက်တွေကိုနောက်ယောင်ခံမလိုက်ဖို့ တော့
ငါ့ဦးနှောက် က
စိတ်ကူးတွေကိုအကျဉ်းချထားလေရဲ့  …။

လောင်းကစား မဆန်ခဲ့တဲ့
အလောင်းအစား တခုပေါ့
နွေ ဟာပူမှာပါပဲ..
နွေ ကိုနွေ ပီသပါစေ…လေ…။

အဲ့ဒီလို ရက်ရောမှုတွေ အဆုံး
ဒီအဖြူရောင်ပန်းလေးတပွင့်ဟာ….
ခခယယ…
နူးနူးညံ့ညံ့ ဆုံးပါးသွားနှင့်တယ်…။ ။”



။ ။မေတ္တာတရားဆိုတဲ့ အနက်အဓိပ္ပါယ်… နားလည်သိတတ်ဖို့ ဇာတာ..နင့်မှာ မပါခဲ့လျော့လေသလား…စေတန်…
ကံကြမ္မာနဲ့ ယှဉ်လာတော့ ငါကဇာတ်နိမ့်သူ….
ဒဏ်ရာနဲ့ ယှဉ်လာပြန်တော့ ငါကမရင့်ကျက်သူ….
ရှိစေတော့ စေတန်ရေ… အဝေးဆုံးကပဲ..ငါ ပြုံးပြနေခဲ့ပါရစေ….


“အချစ်ဆိုတဲ့ အရာကို
ငါအရောင်ခြယ်လို့  မ၀သေးခင်…
မင်းက သက်တံ့တွေကိုခိုစီးပြီး
အဝေး ကိုထွက်သွားတယ်…

တကယ်တော့ အိပ်မက်ဆိုတာ
လွမ်းကောင်းတဲ့ အရာတခုမှ မဟုတ်တာကွယ်
မရေရာတဲ့ အိပ်မက်တွေကို သီကုံးရင်း
ငါ့ကဗျာ တစ်ပိုင်း ရိုင်းသွားခဲ့ရတယ်…

အရင်တုန်းက ငါ့မနက်ဖြန်ဟာ
အခုတော့ ငါ့အတိတ် ဖြစ်လို့ သွား…
ဘယ်အရာမျိုးနဲ့ မှ
ငါ ကြိုမနှိုင်းထားခဲ့ပါဘူး…

ဒီလိုနဲ့ ပဲ
ယုံကြည်မှုခြင်းစီးကူးခွင့်မရှိတဲ့မြစ်နှစ်စင်းဟာ
ဆန့် ကျင်ဘက်အရပ်တွေဆီသို့ ပဲ စီးဖြာသွား
တချို့ က အိပ်မက်တွေထဲမှာပဲ အိပ်မက်ထပ်မက်တယ်
မသိစိတ်ဟာ ဖွင့်ဟခွင့်မရှိတဲ့အတ္တတွေကို
သိမ်းဆည်းထားခဲ့လို့ တဲ့

လောကမှာ အတုတွေဟာ
အစစ်တွေထက် ၀ယ်လိုအားတက်နေတာ
မင်းရော ၊ ငါရော
လေ့လာထားနှင့်ကြ ရဲ့ သားနဲ့ ကွယ်
ရင်နာမနေပါနဲ့ ….

ကိုယ်တိုင်ကိုယ်ကျ မတည်ဆောက်ပဲ
ဖြစ်မြောက်ခဲ့ကြတဲ့ဘ၀တွေအကြောင်း
မင်းကိုငါပြောပြခဲ့ဖူး သလား …
ဒီလိုပါပဲ
ကိုယ်တိုင် ကြိုမတွေးထားတဲ့
အရိပ်ဆိုးတွေနဲ့ 
အိပ်မက်ဟာ လည်း ကဗျာမဆန်ခဲ့ဘူး…။ ။”


။ ။ဟိုးအဝေးက….ခရမ်းပြာ ပန်းပွင့်လေးတွေရှိရာ….ငါထွက်ခွါမယ်…
တခါတလေများ…သတိရခြင်းတွေက တောင်ပံတပ်ပြီး စာတိုက်ပုံးပြာပြာလေးဆီ…ပျံသန်းလာတဲ့အခါ…
မိုက်မဲလှစွာသောငါ့ကို…နင်ခွင့်မလွှတ်လိုက်ပါနဲ့ ….
နင်နဲ့ ငါ့ကြားက စာလုံးပေါင်းမှားခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း …
ငါ ကိုယ်တိုင်…ထမင်းစားရေသောက်သဘော ပြန်ပြောင်းပြောနိုင်တဲ့အခါ….
တနေ့ နေ့ ပေါ့……..
နင်လိုချင်တဲ့နေရာ…နင်ဖြစ်ချင်တဲ့ ဘ၀တခုမှာ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တဲ့ အခါ….
ငါ့ကို သတိပေးပါ စေတန်…..
ငါ….
……………………………….
ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီးပေးဖို့ အဆင်သင့်ပါပဲ…..။ ။




( ၀န်ခံချက် ။ ။ရေးဖွဲ့ ဖူးသောကဗျာများ အား..ပြန်လည်ခံစားမိခြင်း နှင့်အတူ...ရင်ခုန်မိသောကဗျာများမှ... စေတန်ဆိုတဲ့အသုံးအနှုန်းလေးတခုအား အခြေခံ၍ ဖွဲ့ တည်မိခြင်း....ဖြစ်ပါသည်..)

;;