"...မျက်ဝန်း စကားပြေ...."


















လတ်တလော ကျမရာသီဥတုမှာ
နူးညံ့ခြင်းတွေနဲ့ ပဲ မွန်းကျပ်နေခဲ့တယ်....
ဘာအကူအညီကိုမှ ကျမ မလိုအပ်ပါဘူး ....
ဖြစ်နိုင်မယ်ဆိုရင်တော့...
နားလည်ခံစားပေမယ့် ရင်ဘတ်တစုံဆီပဲ
အလှူခံမိမယ်....ထင်ရဲ့ ...။ ။

ဖြစ်တတ်ပါတယ် ဆိုတဲ့အကြောင်း ကျမစာလုံးပေါင်းတတ်ပါတယ်..
ဘ၀ ဆိုတာကို ကျမနားလည်နေပေမယ့်
တခါတလေတော့လည်း
သက်ပြင်းချခွင့်ရှိနေသေးတယ်မဟုတ်လား....။ ။

အင်း... ဒီလိုပါပဲ
ကျမ နှလုံးသားတွေ ပင်စင်တော့မယူလောက်သေးဘူးထင်ပ
ခံစားချက်တွေကတော့
ခုန်ပေါက်ထွက်လာတိုင်း
နွယ်တပင်မှာ သွားသွားငြိနေတတ်တယ်....။ ။

ကျမ ပြောမယ်
ဒီစာသားတွေအတွက်
ရှင့်မျက်ဝန်း တစုံ ခါးနေမယ်ဆိုရင်တော့ကျမဘက်က
အနူးအညွှတ်တောင်းပန်ဖြစ်ပါလိမ့်မယ်...
ဒါပေမယ့်...
ကျမ မျက်ဝန်းတွေမှာ မိုးရွာဖြစ်တိုင်း
ဟောဒီရင်ဘတ်ထဲကတော့
ခံနိုင် ရည် နည်း နည်းနေတတ်ပြီ.....။ ။


















။ ။ ဒီနေ့ မနက်အစောကြီးထဲက ကျမ နိုးနေခဲ့တယ်… ဒီနေ့ ၉တန်းကျူရှင်စတက်ရမယ့်နေ့ လေ…
ကျမ ငယ်ငယ်လေးကတည်းက တခါမှကျူရှင်ဆိုတာ မတက်ခဲ့ဖူးဘူး…ချစ်တဲ့မေမေ က မလိုအပ်ဘူး
ငါ့သမီးကစာတော်ပြီးသားတဲ့လေ… မနေ့ ကတော့ ဖေဖေ့ရဲ့ တချက်လွှတ်အမိန့် အရ ဒီနှစ်ကိုးတန်းမှာ
ကျူရှင်စယူရမယ်တဲ့ … ဆယ်တန်းစာမေးပွဲ အတွက်ပါအခြေခံ ပိုင်နိုင်အောင်လို့တဲ့…
တက်ရမယ့်နေရာက ကျမတို့ နှစ်လမ်း ၊ သုံးလမ်းကျော်က မေမေ့ မိတ်ဆွေ ဆရာမအိမ်မှာပဲတဲ့…။ ။

။ ။ပြောရဦးမယ်… ကျမ က မရမ်းခြံ မိန်းခလေးကျောင်းမှာတက်ရတာလေ… အပြင်ကျူရှင်လဲ တခါမှ မယူဖူးတော့
ရွယ်တူယောင်္ကျားလေး သူငယ်ချင်းဆိုတာ မရှိသလောက်ကိုရှားတယ်…
အခုကျ မေမေ ကမှာတယ် …အဲ့ဒီကျူရှင်မှာ ဆရာမတူအပါအ၀င် ယောင်္ကျားလေးတွေများတယ်တဲ့
မိန်းကလေးဆိုလို့ အပေါ်ထပ်မှာနေတဲ့ကျမ သူငယ်ချင်းကြီးကြီးရယ် … နောက်ထပ်ဆရာမ သမီးတယောက်ဖြစ်တဲ့ ငယ်ငယ်ရယ် နှစ်ယောက်ပဲပါမှာတဲ့… အဲ့ဒါ သမီးကအရွယ်ရောက်စ ဆိုတော့ သူငယ်ချင်းပေါင်းတာတော့ပေါင်း… သတိထားပေါင်းတဲ့လေ…
ခဏနေတော့ ကြီးကြီးနဲ့ သူ့ မေမေက လာခေါ်တယ်.. ကျူရှင်သွားဖို့ လေ…

။ ။ဆရာမဆီရောက်တော့ မြေညီထပ်မှာနေတဲ့ဆရာမအိမ်မှာပဲ မေမေတို့ က ပြောဆိုအပ်နှံပြီးပြန်သွားကြတယ်…
ပြီးတော့ဆရာမ က “စာသင်ခန်းကသုံးလွှာမှာ လမ်းထဲက ကျောင်းသား တယောက်ပဲရောက်သေးတယ်… သမီးတို့ တက်သွားကြနော်”တဲ့..
အပေါ်ထပ်ရောက်တော့ နောက်ဆုံးတန်းမှာ ကောင်လေးတယောက်ထိုင်နေတာတွေ့ တယ်… ကျမ တို့ နှစ်ယောက်ကလဲ အပြတ်စပ်စုမယ် ပြင်ထားတာလေ.. ကျူရှင်စနေတာက တပတ်လောက်ရှိပြီ..ကိုယ်တွေက အခုမှ ရောက်တာကိုး…စာနောက်ကျရင် မဖြစ်ဘူးပေါ့…
သူကတဖက်လှည့်ထားတယ်…တယောက်တည်း ဘာတွေ အလုပ်ရှုပ်နေတယ် မသိပါဘူး…ရေသန့် ဘူးအလွတ်တခုနဲ့ … စာအုပ်ငှားဖို့ ကြီးကြီးနဲ့ နင်သွား သူသွား မေးငေါ့နေကြရင်းနဲ့  နောက်ဆုံး စိတ်မရှည်တတ်တဲ့ ကျမ ကပဲ ထသွားလိုက်ပါတော့တယ်…

“ ဟဲ့…. ဟိုလေ… ငါနင့်ဆီက စာအုပ်ငှားချင်လို့ …နင် က ကျူရှင်စကတည်းက တက်နေတာ မဟုတ်လားဟင်”
အသံကြားမှပဲ ကိုယ်တော်ချောက လှည့်ကြည့်တော့တယ်
“ ဟေ…အေး ဟုတ်တယ်..ဒါပေမယ့် နင်ကြည့်ပါဦး.. ငါ့မှာဒီစာအုပ်တအုပ်ပဲ ပါတာ…ငါ့အိမ်က ဒီရှေ့တင် နောက်မှငါပြန်ယူပေးမယ်ရလား “
“ သြော်…အေး….”
သူပြောမှ ကျမလဲသူ့ ကိုသေချာကြည့်မိတယ် ဟုတ်တာပဲ သူ့ မှာလွယ်အိတ်မှ မပါတာ… အင်း …အိမ်နေရင်းဘောင်းဘီကွာတားနဲ့ ဝတ်လာတဲ့ ရှပ်အကျီ င်္ကလဲ… အဲ…
“အားးးးးးးးးးးးးးးးးးး”
ကျမအော်သံကြောင့်ကြီးကြီး က ဘေးကိုပြေးလာတယ်…

“ ဟဲ့ နွေး ဘာဖြစ်တာလဲ “

ကျမ ပြန်မဖြေနိုင်ဘူး…သူ့ လည်ပင်းကိုပဲ လက်ညိုးကြီးထိုးပြီး အော်နေမိတယ်…
အောင်မလေး ဘာထင်လဲ…တလောက လုံးမှာ ကျမ အသဲယားဆုံး ၊အကြောက်ဆုံးသတ္တ၀ါ…
သူ့ လည်ပင်းမှာ မြွေစိမ်းစိမ်းကြီးက ပတ်လို့ …

“ နင် နင်..အဲ့မြွေကြီး နဲ့ ဘာလုပ်နေတာလဲ….အောင်မလေး ကြောက်စရာကြီး…အသည်းယားလိုက်တာ… ‘
“ မြွေကြီး မဟုတ်ပါဘူးဟာ… မြွေသေးသေးလေးပါ နင်တို့ ကလဲ ဒါမြွေသူတော်လို့ ခေါ်တယ်..ငါလိုချင်လွန်းလို့ အမေ့ကို
မနည်းပူစာ ထားရတာ “
ပြောပြောဆိုဆို သူက သူ့ မြွေကြီး အဲလေ..အဲ့ဒီမြွေကလေးကို ရေသန့် ဘူးလွတ်ထဲ ထည့်နေပြန်ပါတယ်…
ကျမတို့ အတွက်တော့တော်တော့ကို အသည်းယားစရာ မြင်ကွင်းပါပဲ…မြွေက ရေသန့် ဘူးထဲကနေ ခေါင်းထုတ်ထားပြီးလျှာလေးတစ်လစ်တစ်လစ်နဲ့ 

“ နင် ကဘာလို့ အဲ့ဒါကြီးကို ကျူရှင်ယူလာတာလဲ… ဟင် ဒါကြီးဒီမှာတချိန်လုံးရှိနေမှာဆို ငါတို့ ကျူရှင်မတက်တော့ဘူး…ကြောက်တယ် “

“ ဟာ…နင်တို့ မိန်းခလေးတွေ တော်တော်ပြဿနာရှာတာပဲ ငါ့သားလေး ကနွားနို့ ပဲသောက်တာ..
ငါက ဒီနေ့ မတိုက်ရသေးလို့ ဒီယူလာပြီးတိုက်တာ…. အခုအိမ်မှာပြန်သွားထားမှာဟ နင်တို့ ကလဲ “

ပြောရင်းနဲ့ သူကထထွက်သွားပါတယ်…

“ ဟဲ့ စာအုပ်တွေ ယူခဲ့ဦးနော်..” ကြီးကြီးကလှမ်းအော်ပါတယ်…ပြီးတော့ကျမကို
“ ဟဲ့ ကြောင်တောင်တောင်နဲ့ နော် … ရုပ်ကတော့ မေချောက်ဖုံကားထဲက ကောကျင့်နဲ့ ခပ်ဆင်ဆင် ဟီဟိ
သူ့ ကို “Snake” လို့ နာမည်ပေးထားမယ် ဟုတ်ပြီလား “
“ အေး ငါကတော့ ခုထိ ရင်တွေတုန်နေတုန်းဟာ… “

။ ။ကျမ ရဲ့  ပထမဆုံးခင်မင်ခွင့် ရတဲ့ ယောင်္ကျားလေး သူငယ်ချင်းက အဲ့ဒီလိုပါ…သူ့ နာမည်က “ သူရ” တဲ့
သူက အကြောက်အလန့် မရှိဘူး…အဆန်းတကြယ်တွေလဲ အရမ်းလုပ်တတ်တယ်…
ခင်ဖို့ တော့ အရမ်းကောင်းပါတယ်…ကျမတို့ ကို အလိုလိုက်တယ်…သူ့ မှာလဲ ညီမလေးတယောက်ရှိတယ်လေ…
ပြီးတော့ သူက သူ့ အမေ မုဆိုးမကို အရမ်းသိတတ်လိမ္မာတဲ့သားလေးတဲ့… အိမ်မှာဆို ထမင်းဟင်း ချက်တာကအစ
သူ့ မေမေ လုံခြည်တွေ လျှော်တာက အစ သူက အကုန်ဝိုင်းကူလုပ်ပေးတာတဲ့လေ…. ဆရာမ ပြောပြတာ…
ကျမ တောင် သူ့ အကြောင်းကြားလို့ အားကျပြီး မေမေ့ လုံခြည်တွေယူလျှော်သေးတယ်… ဟွန့်  မျက်နှာမရ ခြေထောက်ရလိုက်တာလေ
မေမေ က နောက်နေ့ ရုံးသွားခါနီးဝတ်မလို့ ရှာတော့ သူမီးပူတိုက်ထားတဲ့ လုံခြည်ကို ယူဆော့လို့ ဆိုပြီး ဆူခံလိုက်ရတာ…
ကြီးကြီးကလဲ သူ့ အမေလုံခြည်တွေ ဆပ်ပြာမှုန့်  မပြောင်လို့ ဆူခံထိတယ်တဲ့…း-)

။ ။ဒီလိုနဲ့ ကျမ တို့ ခင်မင်မှုတွေက ပိုခိုင်မြဲ လာခဲ့ကြပါတယ်….ကျမ က အတန်းချိန်နည်းနည်းအားလို့ စာကျက်နေတာနဲ့ 
သူတို့ တွေ ကျမဘေးနား ၀ိုင်းလာတော့တာပါပဲ… ကျမ ကိုခါးတို့ ပြီးလာစ ကြတာပါ…ကျမ က ဟိုးငယ်ငယ်လေးထဲ က
ခါးတို့ ရင် ၊ ဒါမှ မဟုတ်လန့် ရင် “ကုတ်ကုတ်”လို့ ယောင်တတ်တာပါ…
”သူရ က နွေးနွေးကိုခါးတို့ ပေးတဲ့လူကို အကြော်ဝယ်ကျွေးမယ် တဲ့ဟေ့ “ဆိုပြီး အားလုံးကျမ ဘေးနားဝိုင်းလာရင် ကျမ က အောက်ထပ်ပြေးဆင်းသွားရပြီး တီချယ့်ကို ပြေးဖက်ထားရပါတယ်…သူငယ်ချင်းတွေက ကျမတို့ နှစ်ယောက်ကို တွဲစရင် ကျမကအရမ်းစိတ်ဆိုးပါတယ်… သူတို့ ဒီလိုစနေတာ မေမေသာသိရင် ဆူခံရမှာ လဲကြောက်ပါတယ်….

။ ။ဒီလိုနဲ့ ကျမ တို့ ကိုးတန်းဖြေခါနီး အချိန်မှာပဲ…ငြိမ်းချမ်း ဆိုတဲ့သူ့ သူငယ်ချင်းက ကျမ ကို စာလာပေးပါတယ်…
ပြီးတော့ သူရပေးခိုင်းတာ လို့ လဲ ပြောပါတယ်.. ကျမ စိတ်တွေဆိုးလိုက်တာလေ..စာကိုလဲ ကျမ မယူပါဘူး…
ဖတ်လဲ မဖတ်ပါဘူး… ငါ့ သူ့ ကို မယုံဘူး..ကြိုက်လဲ မကြိုက်ဘူးလို့ ပြောလိုက်လို့ ပဲ ကျမ အော်ပြောပြီး ထွက်ခဲ့ပါတယ်…
သူရလဲ နှစ်ရက်လောက် ကျူရှင်မတက်ပါဘူး… ကျမသိပါတယ်… ကျမတို့ ချင်းဖြူစင်မှု ကို သူ့ သူငယ်ချင်း ယောင်္ကျာလေးတွေ ရဲ့ 
အစအနောက်ကြားမှာ သူနားယောင်ရင်း ဖျက်ဆီးပစ်ခဲ့တာ… တကယ်ဆို ကျမ သူ့ ကို အရမ်းခင်ပါတယ်…သူက ကျမရဲ့ 
ပထမဆုံး ခင်မင်ခွင့်ရခဲ့တဲ့ ယောင်္ကျားလေး သူငယ်ချင်းလေးပဲလေ….

။ ။နောက်နှစ်ရက် လောက်နေတော့ သူကျူရှင်ကိုပြန်လာပါတယ်… သူ့ မျက်လုံးတွေဟာ တခုခုဖုံးလွှမ်းနေတဲ့မျက်လုံးတွေနဲ့ ပါ…
ကျမ သိပါတယ်…သူ့ သူငယ်ချင်းတွေရဲ့ လူကြီးယောင်ယောင် ဘာယောင်ယောင် လှုံ့ ဆော်မှုစကားတွေ ကြားမှာ သူနားယောင်ရင်း
ကျမ ငြင်းတာကို သူရှက်နေခဲ့တယ်…. သူကျမတို့ အတန်း နားကပ်လာရင်းလာပြောပါတယ်… နင်ယုံကြည်အောင် ငါဘယ်လို သက်သေပြရမလဲတဲ့
အဲ့မှာတင် ကျမ ပြောစကားတွေကြောင့်ရော ၊ သူ့ ကို နည်းနည်း အမြင်ကပ်စပြုနေတဲ့ ကြီးကြီးက ရွဲ့ ပြီးပြောပါတယ်…
“အေး နွေးနွေးက ညက ငါ့ကိုဝရံတာမှာပြောတယ်… နင့်ကို သူပါးရိုက်ရင် ရိုက်ရ ၊ မဟုတ်ရင် ထောက်ချွန်နဲ့ နင့်လက်ကို ထိုးရမှ ကျေနပ်မယ်တဲ့ “
ကျမ ကြီးကြီး ကို လက်ကာပြပါတယ်..ဒါပေမယ့် မမှီလိုက်ပါဘူး… သူရ က ကျမကို
“ နွေး နင်တကယ်ပြောတာလား… လာလေ…ရိုက်လေဟာ ငါ့ပါးကို … “
“ ဟာ တော်ပါ… နင်ဘာမှလာပြောမနေနဲ့ ”
ကျမ စကားအဆုံး သူရက
“ အေး နင်မရိုက်ရင် င့ါ ကိုယ်ငါ နင်ကျေနပ်အောင် လုပ်ပေးမယ် ငါသွေးထွက်ရင် နင်ကျေနပ်မယ် မဟုတ်လား “
ပြောရင်းနဲ့ ကျမ ကွန်ပါဘူးထဲက ထောက်ချွန်နဲ့  သူ့ လက်ကိုသူထိုးချလိုက်ပါတယ်…သွေးတွေ ပန်းခနဲ ထွက်လာတာမြင်မှ
သူ့ သူငယ်ချင်းတွေက သူ့ ကို အတင်းဆွဲခေါ်သွားပါတော့တယ်.. ကျမတို့ မိန်းခလေးတွေလဲ ကြောက်ကြောက်နဲ့  ခေါင်းငုံ့ ပြီး
ငိုနေကြမိတယ်…

။ ။ဒီအဖြစ်အပျက်ပြီးတော့ သိပ်မကြာခင်မှာပဲ ကျမတို့ စာမေးပွဲ ဖြေပြီးသွားပါတယ်…
ကျမ နဲ့ သူရလဲ တော်တော်လေးစိမ်းသွားတယ်…
ဆယ်တန်းမှာ ကျမ သင်္ချာတစ်ဘာသာပဲ အဲ့ဒီ့ကျူရှင်မှာ တက်ပါတော့တယ်… ကျန်တာတွေ ရွှေဂုံတိုင်က ၀ိုင်းမှာ ပြောင်းတက်ဖြစ်တယ်
သူနဲ့ လဲ အဲ့ဒီ လမ်းထဲ ရောက်မှပဲ တခါတလေ တွေ့ တော့တယ်.. ကြီးကြီးတို့ ကတော့ အဲ့ကျူရှင်မှာပဲ ဆက်တက်နေကြတာပါ…
ဆယ်တန်းဖြေခါနီး ကျမ က ကျမအော်တို စာအုပ်လေးကို သူငယ်ချင်းတွေ အမှတ်တရရေးဖို့ သူတို့ ကျူရှင်မှာထားခဲ့ပါတယ်…
အဲ့စာအုပ်ထဲမှာ သူက ကျမ ကို ရေးပေးထားခဲ့တယ်…
“ နွေး
နင်ငါ့ကို သူငယ်ချင်းလို့ သဘောထားရင်းဒီစာအုပ်လေးထဲမှာရေးခိုင်းတာ
ကျေးဇူးတင်ပါတယ်…
ငါနင့်ကို ခင်မင်နေလျှက်ပဲ … ငါနင့်ကိုချစ်ခဲ့မိတယ်..
ဒါပေမယ့် နင်က ငါ့ကိုမချစ်တော့ စာထဲမှာစိတ်ကိုနှစ်ထားရင်း
ပြေပျောက်သွားသလိုခံစားရတယ်…
အခုတော့ ငါနင့်ကို အခင်ဆုံးသူငယ်ချင်းတယောက်လို့ 
သဘောထားရင်း …..
ခင်တဲ့
သူရ “ တဲ့
ကျမ သူရေးပေးတဲ့စာလေးကို ဖတ်ရင်းပြုံးမိတယ်..
ကျေလဲ ကျေနပ်မိတယ်…
ကျူရှင် ကသူငယ်ချင်းတွေနဲ့ အင်းယားကန်ဘောင်မှာစုရိုက်ထားတဲ့ ဓါတ်ပုံလေးကိုလဲ စာမျက်နှာတဖက်မှာ
သူက ကပ်ပေးလိုက်တယ်…

။ ။ဆယ်တန်းအောင်ပြီးကြတော့ ကျမက GTC တက်ဖြစ်ခဲ့ပြီး သူကတော့ ဗိုလ်သင်တန်းပါသွားခဲ့တယ်…
သူက အရင်တည်းကပြောပါတယ်… သူ့ မေမေက မုဆိုးမ မို့အားငယ်တတ်တယ်တဲ့… သူက စစ်ဗိုလ်ကြီး လုပ်ပြီး သူ့ မေမေကို
ဂုဏ်ယူစေချင်တယ်တဲ့လေ…
သူက စာကြိုးစားပါတယ်.. သူပြင်ဦးလွင် ကနေ…ပြန်လာတဲ့အချိန်… ကျမကလဲ မအူပင်မှာတက်နေတာဆိုတော့ ကျောင်းပိတ်ရက်
ပြန်လာတဲ့အချိန် ရန်ကုန်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ကြတယ်..စုပြီး ဓါတ်ပုံရိုက်ဖြစ်ကြတယ်… အဲ့ဒီ့ဓါတ်ပုံလေးကို သူက သူပြင်ဦးလွင်မှာကျောင်းတက်တဲ့ သုံးနှစ်လုံးလုံး သူ့ ပိုက်ဆံအိတ်လေးထဲ ထည့်ထားခဲ့တယ်လို့  ပြောပါတယ်…

။ ။အခုတော့ သူက ရှရှားမှာ မာစတာတန်းဆက်တက်ဖြစ်နေခဲ့ပြီး… သူရှရှားသွားခါနီး… ကျမ ဒီကို မထွက်လာခင်တွေ့ တုန်းက
ပြောပါတယ်..သူစာကြိုးစားတော့ သူ့ မေမေ ကပျော်တယ်တဲ့… အခုသူ့ မေမေကိုလဲ သူပြန်ထောက်ပံ့နိုင်နေပြီတဲ့….
သူကျောင်းတက်ပြီးပြန်လာတဲ့အခါ ပြင်ဦးလွင်စစ်သင်တန်းကျောင်းမှာ စာသင်တဲ့ အလုပ်ကိုပဲ ပြန်လုပ်ချင်ပြီး..သူ့ မေမေ ကို
အနီးကပ်ပြုစုချင်ပါတယ်…တဲ့လေ… ကျမ ကိုလဲ ကျမ ဖေဖေနဲ့ မေမေ ဆုံးသွားတဲ့ အကြောင်းကိုသူကြားတော့ တော်တော်စိတ်မကောင်း
ဖြစ်တဲ့အကြောင်း ကလေး မဟုတ်တော့လို့ ဘ၀ ကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ အကြောင်းမှာပြီး…နှုတ်ဆက်ခဲ့ကြပါတယ်…
သူငယ်ချင်းဆို တာအဖြူစင်စစ် အချစ်တွေပါ…. ကျမ သူငယ်ချင်းတွေကို ကျမ အရမ်းချစ်တယ်…
ကျမ ဘယ်ဘ၀ရောက်နေနေ ဘယ်တော့မှ မပြောင်းလဲတာက ဒီအချစ်တွေပေါ့… အချိန်တွေကို အစားပြန်မရနိုင်သလို …
သူငယ်ချင်းကောင်းတွေကလည်း အစားပြန်မရနိုင်ပါဘူး…နော်….။ ။

<။ ။ စာမရေးတာကြာတော့ စာဘယ်လို ရေးရမလဲတောင် မသိတော့လောက်အောင်ပါပဲ… ဒီစာလေးရေးဖြစ်အောင် တဂ် တဲ့
ချစ်သော မမ၀ါ ကိုကျေးဇူးတင်ပါတယ်… အာဘွား…း-)
မမ ကျေနပ်ပါစေနော်… ။ ။>

ဖြစ်တည်မှု


Fairies Comments



နှလုံးသားဟာ...

အတ္တတွေ နဲ့ ရှင်သန်နေတဲ့ အရပ်ကနေ

အလွမ်းတွေ နဲ့  အုပ်ဖွဲ့ ပျံသန်းနေခဲ့တယ်...

ဆန္ဒ နဲ့  ဘ၀ကိုတည်ဆောက်ခွင့် မရှိသူအဖို့ 

စိတ်ကူးဆိုတဲ့တောင်ပံတစုံ ဟာလည်း

ကျေနပ်စရာပေါ့

အတ္တ ပုံဆောင်ခဲတွေကို ကျောခိုင်းထားပေမယ့်

အကြားအာရုံဟာ...နင့်ရဲ့ အသက်ရှူ သံတိုင်းကို

မှတ်တမ်းတင်နေခဲ့တယ်လေ...

ဟိုး...အဝေးကို လွင့်စင်သွားစေဖို့  အခါခါ ပျံသန်းခဲ့ပေမယ့်

ရုန်းမထွက်နိုင်ခဲ့ပြန်ဘူး

မျက်ဝန်းတွေက

ညို့ ညို့ မှိုင်းမှိုင်း အုံ့ ဆိုင်းလာတယ်...

စကားလုံး ပြေပြစ်ခြင်း မပြေပြစ်ခြင်းတွေက..

အစဉ်သင့် သလို တိုက်ခတ်လို့ 

နှလုံးသား တစုံက တွေဝေစွာ လှုပ်ရမ်းလို့ 

ဆန္ဒ တွေသိပ်သည်းလာတဲ့အခါ...

ဒီလို နဲ့ ပဲ....................

လွမ်းခဲ့ရတယ်..............

လွမ်းနေခဲ့တယ်............

လွမ်းနေဆဲပါပဲကွယ်......။ ။


















ချစ်ခြင်း တွေ ငါ့နံဘေး နားက ဖြတ်ပြေးသွားကြတဲ့အခါ
ကယောင်ကတမ်း ငိုကြွေးမိတယ်…
နင် ငါ့ကိုမချစ်ဘူး….

ငါ့မေတ္တာတရားတွေအားလုံး ခေါင်းလောင်းမထိုးပဲ ငါလှူခဲ့တယ်…
ဒါပေမယ့် ငါသိပါတယ်…
နင်ငါ့ကိုမချစ်ဘူး…..

အမှန်တရားတွေ ငါ့မျက်ဝန်းတွေပေါ်က တောင်ပံတပ်ပြီး
ပျံသန်းသွားကြတဲ့အခါ…
သတိလက်လွတ်….ရေရွတ်မိပါတယ်…
နင် ငါ့ကိုမချစ်ဘူး…

ငါ့မျှော်လင့်ချက်တွေ အားလုံး နင်ခိုးယူသွားပြီးနောက်
ငါ့ တဘ၀ လုံးမှာအိပ်မက်တွေ ကို အနားပေးခဲ့ပါပြီ..…
ဒါပေမယ့်..လည်းလေ
နင်ငါ့ကို မချစ်ခဲ့ဘူး…

ငါဟာအကြိမ်ကြိမ်ရှုံး ယုံကြည်ချက်ပျောက်ဆုံးခဲ့တာတောင်…
အတ္တတရားတခုကို လိုလိုလားလား ဆုတ်ကိုင်ထားခဲ့တဲ့
မိန်းကလေးတယောက်ပါ….့
တခါတရံ တော့လည်း…
နာနာကျဉ်းကျဉ်းမြည်တမ်း တတ်ခဲ့ပါတယ်…
နင်ငါ့ကို မချစ်ဘူး….

ငါ့ကိုယ်ငါ ကျိန်ဆဲမိတယ်…
ငါဟာ လူတွေ အကြောင်း နကန်းတလုံးမှ
နားမလည်တတ်တဲ့ မိန်းကလေးတယောက်ဖြစ်ခဲ့ရင်ကောင်းမယ်….
ဒါပေမယ့် ငါ့ဆုတောင်းတွေ အသက်မဲ့
မနှစ်မြို့ စွာလက်ခံတတ်ခဲ့ရပါတယ်…
နင်ငါ့ကို မချစ်ဘူး…။ ။

;;